UK Pre School တည်ထောင်သူ မစန္ဒာလွင်နှင့် တွေ့ဆုံခြင်း

ငယ်ဘဝ

အစ်မက ၉၄ ခုနှစ်မှာ ၁၀တန်းအောင်တယ်။ ဆယ်တန်းအောင်ပြီးတော့ အရင်တုန်းကတော့ RC 3 ပေါ့။ အဲ့မှာ ကျောင်း စတက်တယ်။ Honours တန်းဝင်တော့ မိန်းထဲမှာ ဆက်တက်ရတယ်။ အဲ့မှာ Honours ပြီးတော့ Master ဆက်တက်တယ်။ Enginnering Maths နဲ့ Master ပြီးထားတာပေါ့။ ဒုတိယနှစ်တက်နေတဲ့အချိန်မှာပဲ အဲ့တုန်းက ရှန်ဟိုင်းကုန်တိုက်မှာ တရုတ်စကားပြန် စလုပ်တယ်။ အဲ့ကနေပြီးတော့ အစ်မကို စာသင်ပေးပါဆိုပြီးတော့ စသင်ဖြစ်တာပေါ့။ တရုတ်စာ စသင်ဖြစ်တာပေါ့။ အဲ့ကနေပြီးတော့ အဲ့မှာ ၉၇ ခုနှစ်ကနေပြီးတော့ စာသင်တဲ့ ဘက်လိုင်းကို တောက်လျှောက်ရောက်သွားတာ။ Master ပြီးတော့မှ Special Maths ကို စသင်ဖြစ်တယ်။
 

UK Pre School ကျောင်းစဖွင့်ဖြစ်ပုံ

၂၀၁၃ မှာ စဖွင့်ဖြစ်တယ်။ အဲ့အချိန်မှာ သမီးကြီးကို မူကြိုထားဖို့ ဖြစ်လာတယ်။ အဲ့ဒီမတိုင်ခင်တုန်းက တရုတ်စာကို သမီးကိုအဓိကထားပြီး သင်ပေးတယ်။ အမ သမီးနှစ်ယောက်လုံးကို အမကဆုံးဖြတ်ထားတာ မြန်မာအစိုးရကျောင်းမှာ ထားမှာ ဖြစ်တဲ့အတွက်ကြောင့် ကျောင်းရွေးပြီးထားဖို့ စဉ်းစားတဲ့အချိန်မှာ ကိုယ်တိုင်လည်း လုပ်လဲ လုပ်နိုင်နေတဲ့အတွက် ဖွင့်ဖြစ်သွားတာ။ သမီးနှစ်ယောက်ကြောင့် ဒီကျောင်းလေးကို ဖွင့်ဖြစ်သွားတာ။
 

ကျောင်းစဖွင့်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲ

ကျောင်းစဖွင့်တဲ့အချိန်မှာ အရမ်းကြီးအခက်အခဲမရှိခဲ့ဘူး။ အစ်မက ၉၇ ခုနှစ်ကတည်းက ဆရာမဖြစ်ခဲ့တဲ့အခါကျတော့ teaching ပိုင်းကို အမကောင်းကောင်းရတယ်။ နောက်တစ်ခုကျတော့ ဒီမူကြိုမဖွင့်ခင် လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းက အစ်မတပည့်မလေးတွေနဲ့ မူကြိုလုပ်ဖူးတယ်။ အစ်မက ဦးစီးလုပ်တာတော့မဟုတ်ဘူး။ ရှယ်ယာပုံစံလုပ်တာပေါ့နော်။ အဲ့လိုလုပ်ဖူးထားတာကလည်းရှိနေတယ်ဆိုတော့ အစ်မကျောင်းဖွင့်တဲ့အချိန်မှာ အဲ့လိုအခက်အခဲတော့မရှိဘူး။ ကိုယ်လုပ်နိုင်တဲ့ လုပ်တတ်တဲ့အရာတစ်ခုဖြစ်တဲ့အတွက် မူကြိုဖွင့်တဲ့အချိန်မှာ အစ်မအတွက် အခက်အခဲမရှိဘူး။
 

သင်ကြားမှုအပိုင်း

Teaching Plan ကို အစ်မကိုယ်တိုင်ပဲဆွဲတယ်။ အစ်မကျောင်းမှာ သင်တဲ့ သင်ရိုးပုံစံက မြန်မာကလေးတွေအတွက် သင့်လျော်တဲ့ သင်ရိုးပုံစံကိုပဲ ကိုယ့်ဘာသာရေးဆွဲပြီး သင်တယ်။
 

ကလေးတွေကို စောင့်ရှောက်ပေးမှု

အစ်မရဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေ သူတို့လိုအပ်တဲ့အခြေခံကောင်းတွေ ရဖို့၊  စည်းကမ်းရှိဖို့၊ ဗလငါးတန်ဖွံ့ဖြိုးဖို့ပေါ့။ ကိုယ့်ကလေးဆို ကိုယ်ဘာလုပ်ချင်မလဲဆိုတဲ့ စိတ်မျိုးနဲ့ အစ်မအမြဲလုပ်တယ်။ ငါ့သားသမီးသာဆို ငါဘယ်လိုလုပ်ပေးမှာလဲ။ ငါ့သားသမီးကို ဘယ်လိုသင်ပေးမှာလဲ။ အစ်မသမီးတွေကို သင်ပေးချင်တဲ့ပုံစံအတိုင်း ဒီနေ့ထက်ထိ အဲ့လိုစိတ်နဲ့ လုပ်တယ်။ ကျောင်းစဖွင့်တဲ့အချိန်ကနေစပြီး အစ်မကျောင်းကို လာတက်တဲ့ကလေးတွေအားလုံးကို နေ့လည်စာမုန့်စကျွေးတယ်။ လေဖောင်းမုန့်တွေကို မစားစေချင်ဘူး။ ကျောင်းလာတဲ့အချိန်မှာ မုန့်ဆိုင်ဝင်ပြီး မုန့်ဝယ်ခိုင်းတာမျိုး မဖြစ်စေချင်ဘူး။ အဲ့ဒါကြောင့် ကျောင်းမှာ မုန့်ကျွေးတယ်။ ပြီးတော့ ကလေးအားလုံးက အဟာရပြည့်ဝတဲ့အစားအစာကို တန်းတူစားရတဲ့အခါကျတော့ ဂျီးလဲမများတော့ဘူး။ အစ်မ plan ဆွဲပြီးတော့ ကျွေးတဲ့အချိန်မှာ ဆရာဝန်နဲ့လဲ တိုင်ပင်တယ်။ အခုနောက်ပိုင်းလဲကျရော အစ်မက နေ့လည်စာ ထမင်းကိုပါကျွေးတယ်။ ကျောင်းထမင်းရော မုန့်ရောကိုပါကျွေးလာပြီ။ ထမင်းကိုလည်း ဒီလိုပဲ အစ်မအမေကိုယ်တိုင်ချက်တယ်။ အဟာရအုပ်စု ၃အုပ်စုလုံးပါတာတွေကို ချက်ကျွေးတယ်။ တစ်လတစ်ခါလည်း ကျန်းမာရေးစစ်ဆေးမှုကို လုပ်ပေးတယ်။ သွားစစ်ဆေးတာတွေကိုလည်း ကြည့်မြင်တိုင်ဒေသန္တရက လာပြီးစစ်ဆေးပေးတယ်။ ဒီမှာကပုံမှန်ကတော့  မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္ကတော့ တခြားကျောင်းတွေလဲ နည်းတူပဲ သင်ကြတာပဲလေ။ နောက်တစ်ခုက အစ်မတို့ဆီမှာက အကဆရာရှိတယ်။ ပန်းချီဆရာမရှိတယ်။ 4skills ကို Special သင်တယ်။ နောက်တစ်ခုက အစ်မတို့ကျောင်းမှာက နေ့စဉ်သုံးစကားတွေကို တရုတ်စကားလေးနဲ့ အစ်မတို့ပြောပေးတယ်။ အခြေခံပေါ့နော်။ ကလေးတစ်ယောက်ကတော့ ၅နှစ်အောက်မှာတော့ အခြေခံကောင်းတွေအားလုံးရဖို့ပဲ အစ်မကရည်ရွယ်တယ်။ အစ်မကျောင်းက ကလေးတွေအကုန်လုံးက အပြင်ကပြန်ကြားရတာတွေအကုန်လုံးက စည်းကမ်းရှိကြတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တယ်ပေါ့။ အဲ့ဒါတွေပဲ အစ်မတို့အဓိကထားတယ်။
 

မိသားစုနဲ့ ကျောင်းနဲ့ အချိန်ခွဲဝေမှုအပိုင်း

အိပ်ချိန်လျော့လိုက်တယ်။ မနက်ကို စောစောထတယ်။ ညကိုနဲနဲပိုနောက်ကျမှအိပ်တယ်။ သချာင်္သမားမို့လို့လားမသိဘူး ကိုယ့်ဘာသာကိုယ်အချိန်manage လုပ်တာတော့ကျွမ်းကျင်တယ်ပေါ့နော်။ အစ်မအလုပ်လုပ်ရင် Time Table ဆွဲပြီးအမြဲလုပ်လေ့ရှိတယ်။ သမီးတွေလဲ သမီးတွေလဲ Time Table ဆွဲပြီးလုပ်တယ်။ အဲ့ဒါကြောင့်အဆင်ပြေတယ်။ အခုသမီးတို့ကျောင်းတက်ပြီ။ သမီးကြီးဆို ၄တန်း၊ သမီးငယ်ဆို ၃တန်း။ ညနေဆိုလည်း ကျောင်းမှာပဲ ကျူရှင်ရှိသေးတာဆိုတော့ သမီးတွေက ကိုယ့်နားမှာပဲ။ အပြင်ထွက်ပြီး ကျူရှင်တက်ရတာမျိုးလဲမရှိဘူး။
 

လက်စွဲဆောင်ပုဒ်

စည်းကမ်းသည် လူ၏တန်ဖိုး။ အစ်မစည်းကမ်းရှိမှကြိုက်တယ်။ လက်စွဲဆောင်ပုဒ်ဆိုရင် အစ်မက အဲ့ဒါကိုကြိုက်တယ်။ အစ်မက နေ့စဉ်မှာ တရားတွေမှာလဲပါတဲ့ ဥစ္စာ၊ ပညာ၊ ကုသိုလ်ပေါ့။ အဲ့၃ခုကို နေ့စဉ် ၃ခုစလုံးရနိုင်အောင် နေ့တိုင်းကြိုးစားတယ်။ ညတိုင်းလဲ စဉ်းစားတယ်။ ငါဒီနေ့ဘာရလဲဆိုတာကို…။ အဲ့ဒါလုပ်တာက  တော်တော်ကြာပြီ။
 

စကားလက်ဆောင်

အစ်မကျောင်းမှာဆိုရင် ဆရာမလေးတွေ အယောက် ၂၅ယောက်လောက်ရှိတယ်။ မိန်းကလေးတွေပဲများတယ်။ ဆရာဆိုလို့ အကဆရာတစ်ယောက်ပဲပါတယ်။ သူတို့ကို အစ်မက ကိုယ့်သားသမီးတွေလိုပဲ ဆုံးမလေ့ရှိတယ်။ ဒီဆရာမလုပ်ငန်းက တစ်သက်လုံးထမင်းမငတ်ဘူးဆိုတာ။ ပြီးတော့ အစ်မကျောင်းမှာ ဆရာမခေါ်ရင်လေ အရေးကြီးဆုံးအချက်က တကယ်တစ်သက်လုံး ဆရာမလုပ်မယ်လို့ စိတ်ကူးမှ အစ်မကျောင်းမှာလာလျှောက်ပါလို့ အလုပ်ခေါ်ရင် အဲ့လိုပဲခေါ်တယ်။ တကယ်တတ်မှလုပ်စေချင်တယ်။ ပိုက်ဆံတစ်ခုတည်းကြည့်ပြီးတော့ သူများတွေကျောင်းဖွင့်လို့ ပိုက်ဆံရတယ်ဆိုတာမျိုးကြည့်ပြီးတော့ မလုပ်စေချင်ဘူး။ အစ်မဆီက ဆရာမလေးတွေ တကယ်ဆရာမစိတ်ရှိတဲ့လူတွေပဲ။ တတ်တာ၊ မတတ်တာ သင်လို့ရတယ်။  ပညာအရည်အချင်းဘယ်လောက်ရှိလဲဆိုတာလဲ ကိစ္စမရှိဘူး။ နောက်မိန်းကလေးတွေကို ပြောချင်တာကလည်း တစ်ချို့အလုပ်လုပ်တယ်။ အိမ်ထောင်ကျသွားတဲ့အခါမှာ အလုပ်ထွက်တယ်ပေါ့။ အစ်မအဲ့ဒါမျိုးလုံးဝမဖြစ်စေချင်ဘူး။ အစ်မဆီက ဆရာမလေးတွေကိုလည်းအစ်မခေါင်းထဲမှာ ရိုက်ထည့်ပေးထားတယ်။ အိမ်ထောင်ကျရင်လည်း အလုပ်ဆက်လုပ်ပါ။ ယောကျားလောက်မှ မရှာနိုင်ဘူးဆိုရင်တောင်မှ အလုပ်ကိုလုံးဝမထွက်ပါနဲ့။