အသည်းကွဲတဲ့အခါ…

အသည်းကွဲတဲ့အခါ၊ ကမ္ဘာပြိုသလို ခံစားရတတ်တာပါပဲ။ ဒီလိုနာကျင်မှုမျိုး ဘယ်တုန်းကမှမခံစားရသလိုကို နာနာကျင်ကျင် ဖြစ်ရတတ်ပါတယ်။ အကြီးဆုံးသော လစ်ဟာမှုကြီးက ရင်ကို အကြိမ်ကြိမ် ထိုးနှက်နေသလိုဖြစ်ပြီး ပြန်လည်  နလန်ထူဖို့ အင်အားတောင်မရှိတော့သလိုပါပဲ။ ငိုမယ်၊ အော်ဟစ်ပေါက်ကွဲမယ်၊ သီချင်းတွေ ရုပ်ရှင်တွေ ထပ်နားထောင်စရာ ထပ်ကြည့်စရာမရှိအောင် စီးမြောနေ မိမယ်၊ ဒါပေမဲ့ ဘယ်လိုလုပ် လုပ် ရင်ထဲမှာ နာကျင်နေရတာက သက်သာမသွား ဘူး။
အသည်းကွဲတဲ့ နာကျင်မှုဟာ တော်တော်ကြီးမားတာကြောင့် ခန္ဓာကိုယ်ကကြီးကြီးမားမား တုန့် ပြန်မှုတွေ  ပြုလုပ်တတ်ပါတယ်။ အဲဒီ့အချိန်ကို ခက်ခက်ခဲခဲတော့ ဖြတ်သန်းရတာပါပဲ။ ဒါပေမဲ့ အသည်းကွဲတာကို အချစ်သစ်နဲ့ ကုစားမယ်ဆို  တာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ သတိပေးချင်ပါတယ်။ 

အသည်းကွဲတဲ့အခါ ကျန်းမာရေးကို ထိခိုက်ပါတယ်။ တစ်ခါတစ်ရံ စိတ်မကြည်တာ၊ ခေါင်းမကြည်တာလို့ အထင်မှားတတ်ပေမဲ့၊ မဟုတ်ပါဘူးနော်။ ရင်ထဲမှာ နာကျင်နေတဲ့အတွက် ခန္ဓာကိုယ်မှာပါ နေလို့မကောင်းဖြစ်ရတာပါ။ အောက်မှာဖော်ပြသွားမယ့် အရာတွေက တော့ အသည်းကွဲတဲ့အခါ ခန္ဓာကိုယ်က ဘယ်လိုတုန့်ပြန်သလဲဆိုတာကို  သိပ္ပံနည်းကျ လေ့လာထားတဲ့သက်ရောက်မှု (၈) ခုပါ။ စိတ်ဝင်စားစရာ အတော်ကောင်းတာမို့ အချိန်လေးအနည်းငယ်ပေးပြီး  ဖတ်ကြည့်စေလိုပါတယ်။ 

၁။ သင်ဟာ ရုပ်ပိုင်းဆိုင်ရာအရပါ နာကျင်နေ တယ်ဆိုတဲ့အကြောင်း သင့်ဦးနှောက်ကသိတယ်…
မကွဲချင်လည်းဘဲ ကွဲသွားတဲ့အသည်း အကြောင်း တနုံနုံနဲ့ စဉ်းစားနေမယ်ဆိုရင်တော့၊ အသက်ရှူစရာ လေတောင်မရှိတော့သလို၊ တစ်စုံတစ်ယောက်က သင့်အရှိုက်ကို ထပ်တလဲလဲ ထိုးနေသလို ခံစားရပါလိမ့်မယ်။

အတွေးတွေနဲ့ လောင်မြိုက်နေချိန်များတဲ့ အခါ တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်က ရုတ်တရက်တောင့်တင်းသွားသလိုမျိုးလည်း  ဖြစ်တတ်ပါသေးတယ်။ သင့်ကို ရုပ်ပိုင်းဆိုင်ရာအရ ဘာဆိုဘာမှမလုပ်ဘဲနဲ့ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ ဒီ နာကျင်မှုဟာ အတော်ပြင်းထန်တဲ့အကြောင်း ဦးနှောက်က သင့်ခန္ဓာကိုယ်ကို ပြောပြနေတာပါ။

လော့စ်အိန်ဂျလိစ်မှာရှိတဲ့ University of Califonia ရဲ့ စိတ်ပညာဋ္ဌာနက တွဲဖက်ပါမောက္ခ Naomi Eisenbuerger ကတော့ လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်တဲ့အခါ  အချက်လာပြတဲ့ ဦးနှောက်ရဲ့နေရာဟာ လူတစ်ယောက် စိတ်ထိခိုက်နာကျင်တဲ့အခါ အချက်လာပြတဲ့ ဦးနှောက်ရဲ့နေရာဟာ အတူတူပဲ ဖြစ်ပါတယ်တဲ့။

ဒီလို စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရတဲ့အတွက် အသည်းကွဲတယ်ဆိုတာ ငရဲလိုပဲ နာကျင်ခံစားရတယ်လို့ ပြောကြတာ  ဖြစ်ပါလိမ့်မယ်။

၂။ သိသိသာသာ ဝ လာတာ ဒါမှမဟုတ် သိသိသာသာ ပိန်သွားတတ်တယ်…
သင့်အသည်းကွဲသွားတဲ့အခါ သင်ဟာ နည်းလမ်း (၂) မျိုးထဲက တစ်မျိုးနဲ့ တုန့်ပြန်တတ် ပါတယ်။ ဒါက အလွန်အမင်းစားတာ ဒါမှမဟုတ် ဘာဆိုဘာမှ မစားတော့တာ။ 

ဝမ်းနည်းနာကျင်မှုကို သင်ဘယ်လို စီမံခန့် ခွဲသလဲဆိုတဲ့အပေါ်ပဲ မူတည်ပါလိမ့်မယ်။ တချို့ကျတော့ သူတို့ ခံစားရသမျှကို အစားအစာလို သဘောထားပြီး တွေ့သမျှမြင်သမျှကို အကုန်စားပစ်ခြင်းဖြင့် သူတို့ ခံစားမှုကို လျော့ပါးစေပါတယ်။ တချို့ကျတော့လည်း ခံစားနာကျင်ရလွန်းလို့ ရေသောက်တာတောင် အစာမကြေချင်သလို၊ ဘာဆိုဘာကိုမှ မချေဖျက်နိုင်တဲ့  အနေအထား ဖြစ်သွား တတ်ပါတယ်။

၃။ ဖိစီးမှု ဟော်မုန်းတွေကြား အသည်းအသန် ကူးခတ်နေရတယ်…
သင်ဟာ ချစ်ခြင်းတွေနဲ့ ကခုန်နေတဲ့အခါ၊ သင့်ဦးနှောက်ဟာ Dopamine နဲ့ Oxytocin တို့လို့ Neurochemical တွေ လွှမ်းမိုးနေတဲ့အတွက် ပျော်ရွှင်မှုတွေ၊ ချမ်းမြေ့မှုတွေကို တသိမ့်သိမ့် ခံစားနေရပါတယ်။ ဒါကြောင့်လည်း သိပ္ပံဆန်းစစ်ချက်တွေအရ အချစ်ဟာ ဆေးဝါးတွေထပ်ပိုပြီး စွဲလန်းမှုကို ဖြစ်စေပါတယ်တဲ့။

ဒါပေမဲ့ သင့်အသည်းက ကွဲပြီဆိုရင်တော့၊ အဲဒီ့ ပျော်ရွှင်ချမ်းမြေ့ခြင်းဖြစ်စေတဲ့ Neuro-chemical တွေအကုန် ဦးနှောက်ကနေ ပျောက်ခြင်းမလှပျောက်ကုန်ပြီး သင့်ကို ဖိစီးမှု ဟော်မုန်းတွေကြား ပစ်ထားခဲ့ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သင့်ဦးနှောက်ကနေ ဖိစီးမှုကို ဖြစ်စေတဲ့ Cortisol နဲ့ Epinephrine တွေကို အပြည့်အဝ လွှတ်ထုတ်ပေးနေလို့ပါ။

Cortisol တွေဟာ ဦးနှောက်ကို ကြွက်သားတွေဆီ သွေးအမြောက်အမြား ပို့လွှတ်ခိုင်းပါတယ်။ အဲဒီ့အခါ သင့်ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေဟာ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်လာပြီး အလွန်အမင်းခေါင်းကိုက်တာ၊ လည်
ပင်းကြောကြီးတွေ တောင့်တင်းနေတာ၊ ရင်ဘတ်ကို တစ်ယောက်ယောက်က ဆုပ်ညှစ်ထားသလိုတွေ ခံစားလာရတာပါ။

အသည်းကွဲတဲ့ဝေဒနာဟာ အတော်ကို ဆိုးပါတယ်။

၎။ စိတ်ကျနေမယ်…
အသည်းကွဲတာနဲ့ စိတ်ကျတယ်ဆိုတာ သိသာထင်ရှားတဲ့ သက်ရောက်မှုဆိုပေမဲ့၊ သုတေသနပြုမှုတွေကတော့ ဒီသက်ရောက်မှုကို တဖြည်းဖြည်းနဲ့မှ လက်ခံလာကြတာပါ။ Virginia Com-monwealth University က သုတေသီတွေဟာ အမျိုးသားနဲ့ အမျိုးသမီး (၇ဝဝဝ)ကို သူတို့ဘဝမှာ ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာရစရာ  အတွေ့အကြုံတွေကြောင့် ဘယ်လောက်စိတ်ကျပြီး ဘယ်လောက်ပူပန်သောက၊ ဗျာပါရတွေ ရခဲ့သလဲဆိုတာကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

အဲဒီ့သုတေသနက “လူတွေဟာ ကိုယ်တန်ဖိုးထားတဲ့အရာကို ကိုယ့်မာန (ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း) နဲ့ တစ်ပြိုင်နက် ဆုံးရှုံးလိုက်ရတဲ့အခါ ဖြစ်လာတဲ့ စိတ်ကျခြင်းက ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုတည်းကို ဆုံးရှုံးလိုက်ရတဲ့အခါဖြစ်လာတဲ့ စိတ်ကျခြင်းထက် နှစ်ဆပိုပါတယ်” တဲ့။ အသည်းကွဲတယ်၊ ကိုယ်ချစ်ရသူက ကိုယ့်ကိုယ်ထားခဲ့တယ်ဆိုတာ ကိုယ့်မာနကို အထိခိုက်စေဆုံးအရာ မဟုတ်လား။ အဲဒီတော့ စိတ်ကျခြင်းက နှစ်ဆဖြစ်တော့တာပေါ့။

၅။ ဆုတ်ခွာချိန်ပေးရမယ်…
ကနဦးတုန်းက ပြောခဲ့သလို၊ အချစ်ဟာ စွဲလန်းစေတတ်တဲ့အရာဖြစ်တယ်။ တိတိကျကျ ညွှန်းရရင်၊ ဘိန်းလိုပဲ။ အဲဒီတော့ ဘိန်းစွဲနေလို့ ဖြတ်ပီဟေ့ဆိုရင် သင့်ခန္ဓာကိုယ်ဟာ သွေးထဲမှာရှိနေတဲ့ ဘိန်းကို စွဲနေတဲ့စွဲလန်းမှုတွေ ဆုတ်လျော့သွား အောင် အချိန်တစ်ခုပေးပြီး ဖြတ်သန်းရတယ်။ ဒီလိုပဲ အချစ်ကို စွဲလန်းသွားပြီး ရုတ်တရက် အဲဒီ့အချစ်သင့်ဘဝထဲ  မရှိ တော့တဲ့အခါ၊ သင့်စိတ်နဲ့ ခန္ဓာကိုယ်ထဲက အဲဒီအချစ်ကို စွဲနေတဲ့အစွဲတွေ လျော့သွားအောင် ဆုတ်ခွာချိန်ပေးရပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့။ ဆေးဖြတ်လိုက်တဲ့ လူလိုပဲ၊ အချိန်တစ်ခုကို လွန်သွားပြီးတဲ့နောက်တော့ အရာအားလုံးဟာ အကောင်းအတိုင်း ပြန်ဖြစ်ပါတယ်။ သင်လည်း အသည်းကွဲတာကို အချိန်တစ်ခုပေးပြီး ကုစားပြီးတဲ့နောက်မှာ  အရာအားလုံးဟာ  နေသားတကျပြန်ဖြစ်မှာပါ။

၆။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ…
ဆိုးရွားတဲ့ ပြတ်စဲမှုအပြီးမှာ အသည်းကွဲနေတဲ့သူတွေအတွက် ဆရာဝန်တွေကတော့ ကိုယ့် ရဲ့ ကိုယ်ပိုင်လက္ခဏာတွေက ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ဖို့ အကြံပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက အချစ်နဲ့ တွေ့တဲ့ အခါ နှစ်ယောက်ပေါင်းတဲ့ ငါတို့ဘဝလေးကတော့ ဘယ်လိုဆိုပြီး ဖြတ်သန်းကြတယ်တဲ့။ အဲဒီ့အတွက် ကိုယ့်နေရာက တဖြည်းဖြည်းပျောက်လာပြီး၊ ဗြုန်းဆို သူလည်းထားခဲ့ရော ကိုယ့်အတွက် ကိုယ့်နေရာဆိုတာ မရှိတော့သလို ခံစားရတတ်လို့ပါတဲ့။

အမှန်တော့ ကြည့်တတ်မြင်တတ်မယ်ဆိုရင် ပြတ်စဲသွားခြင်းဟာ ကိုယ့်အတ္တကို တစ်နည်းတစ်ဖုံနဲ့ လှုပ်နှိုးပေးလိုက်ခြင်းပါပဲ။ ဒါကြောင့် ရက်ရက်စက်စက် ပြတ်စဲခံလိုက်ရတယ်ဆိုရင် ငါက ဘာမို့လို့လဲ၊ ငါက ဘာနဲ့ ထိုက်တန်တဲ့သူလဲ စသဖြင့် ကိုယ့်ရဲ့ ရပ်တည်ချက်အတွက် မေးခွန်းတွေ ပြန်ထုတ်ပြီး ကိုယ့်ကိုယ်ကို  ဆန်းစစ်ပါ။  ကိစ္စတစ်ခုကတော့ မဖြစ်ချင်လည်း ဖြစ်သွားခဲ့ပြီးပြီဆိုရင်၊ ကိုယ်ဟာ ဘယ်လိုပုံစံနဲ့ ရှေ့ကို ဆက်မလဲဆိုတာ  ကိုယ်တိုင်ရွေးချယ်ယူရတာ ဖြစ်ပါတယ်။

၇။ နောက်ထပ်လည်း အသည်းတွေကွဲရဦးမယ်…
ဒီသတင်းစကားကို သယ်ဆောင်လာရတာ စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့လည်း Brown University ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုက တော့ အကယ်၍များသင်ဟာ ပြတ်စဲဖူး၊ အသည်းကွဲဖူးတယ်ဆိုရင် မပြတ်စဲဖူးသူ၊ အသည်းမကွဲဖူးသူထက် ဒုတိယအကြိမ်ပြတ်စဲခံရဖို့၊ အသည်းကွဲဖို့ ဖြစ်နိုင်ချေ (၇၅) ရာခိုင်နှုန်းလောက်ကို ပိုသာပါ တယ်တဲ့။ ကဲ… စောင့်ကြည့်ကြစို့။

၈။ တစ်ယောက်တည်း နေချင်စိတ်ဖြစ်ပေမဲ့၊ အဲဒီလိုမနေလိုက်ပါနဲ့…
အသည်းကွဲနေပါတယ်ဆိုမှတော့ တစ်ယောက်တည်းတွေးရင်း ဆွေးရင်း နေချင်တာပေါ့လို့ မပြောလိုက်ပါနဲ့။ ဒီလို နေတာ  သင့် အတွက် မကောင်းပါဘူး။ အဲဒီလို တစ်ယောက်တည်း တွေ တွေငေးငေးကြီးနေမယ့်အစား သင်လုပ်ချင်တဲ့ အားကစားဖြစ်ဖြစ်၊ သင်စိတ်ဝင်စားတဲ့ လက်မှု ပညာဖြစ်ဖြစ်၊ သင် အာရုံဝင်စားလို့ရမယ့် အနုပညာဖြစ်ဖြစ်တစ်ခု မဟုတ် တစ်ခုကိုလုပ်ပြီး သင့်ဦးနှောက်ထဲ Dopamine မြင့်တက်လာအောင် လုပ်ဖို့လိုပါမယ်။ ဒါမှ ပျော်ရွှင်ကျေနပ်မှုတွေကို တစ်ဖန် ပြန်ခံစားမိမှာဖြစ်ပါတယ်။

Ref: The Pain Is Real: 8 Scientific Effects Heartbreak Has On The Body By Gigi Engle