လွှမ်းမိုးချုပ်ကိုင်တတ်သူတစ်ယောက်ရဲ့ စရိုက်လက္ခဏာများ...

ချစ်ခြင်းတစ်ခုမှာ နှစ်ဦးနှစ်ဖက်လုံးက လွှမ်းမိုးချုပ်ကိုင်တတ်သူဆိုရင်တော့ အဲဒီ့ချစ်ခြင်းဟာ ရှေ့ဆက်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။ 

လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ပင်ကို ဗီဇတွေကို ဘယ်လောက်ပဲ ဖုံးကွယ်ပါစေ၊ တစ်ချိန်ချိန်မှာတော့ ဖုံးမရဖိမရဖြစ်လောက်ရောက် ပေါ်ပေါက်လာတတ်ပါတယ်။ နောက်ပြီး အဲဒီ့လို လွှမ်းမိုးချုပ်ကိုင်တတ်သူတွေဟာ သူတို့ လုပ်ရပ်တွေပေါ်မှာလည်း အင်မတန် အ ကာအကွယ်ယူတတ်ပါသေးတယ်။

အထူးသဖြင့် လူနှစ်ယောက်ရဲ့ ချစ်ခြင်းမှာ ဘယ်သူ့ကို ဘယ်သူကမှ လွှမ်းမိုးချုပ်ကိုင်တာတွေ မလုပ်သင့်ပါဘူး။ အကယ်၍များ သင်ရော၊ သင့်ချစ်သူမှာပါ ဒီလိုမျိုး လွှမ်းမိုးချုပ်ကိုင်တဲ့ အမူအကျင့်တွေမရှိဘူးဆိုရင်တော့ သင်တို့ရဲ့ ချစ်ခြင်းဟာ ပျော်ရွှင်စရာ ကျေနပ်စရာကောင်းပြီး သက်တမ်းလည်းရှည်မှာ အသေအချာပါ။

သူတို့ကို အလျော့ပေးသင့်လား…
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အပေါ်လွှမ်းမိုးခြင်းက လက်ခံလို့မရတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အလျော့မပေးသင့်ပါဘူး။ သမီး ရည်းစားဘ၀မှာ တစ်ယောက်ကို တစ်ယောက် လိုအပ်တာ၊ မနာလိုဝန်တိုဖြစ်တဲ့ ကိစ္စတွေက အချိန်
ကြာလာတဲ့အမျှ တဖြည်းဖြည်းလျော့နည်းလာတတ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပါဝါအာဏာပြချင်တာ၊ ဘာလုပ်ပါ ဘာကိုင်ပါဆိုပြီး အသေးအမွှားကအစ လွှမ်းမိုးချင်လာရင်တော့  သံယောဇဉ်ကြိုး ဖြတ်သင့်ရင် ဖြတ်သာဖြတ်လိုက်ပါ။
ဒါပေမဲ့ တစ်ခါတရံမှာ လွှမ်းမိုးချင်တာ မှန်တယ်၊ ဘယ်လို လွှမ်းမိုးချင်တာလဲဆိုတာကိုလည်း သိဖို့ လိုပါတယ်။ တချို့ကျတော့ အရင်က လွှမ်းမိုး ခဲ့လို အခုမှာလည်း လွှမ်းမိုးချင်တာဖြစ်ပြီး၊ တချို့ကျတော့ သူတို့ကိုယ်တိုင်တောင် သတိမပြုမိဘဲ သူတစ်ပါးကို လွှမ်းမိုးတာ၊ ချုပ်ကိုင်တာတွေကို ကျင့်သားရနေတာ။

ကိုယ်ဟာ လွှမ်းမိုးချုပ်ကိုင်တတ်သူလားဆိုတာ ဘယ်လိုသိရမလဲ…
ကိုယ်က သူများအပေါ် ပြုမူနေတဲ့ အပြုအမူတွေက ဘယ်လိုလဲဆိုတာ ကိုယ့်ကိုယ်ကို မသေချာဘူးရင်ဆိုရင်တော့၊ သူများရဲ့ အကြံဥာဏ်ကို ရယူကြည့်နိုင်ပါတယ်။ ကိုယ်နဲ့ အရင်းနှီးဆုံး ယူဆတဲ့ သူတွေကို မေးမြန်းကြည့်တဲ့ နည်းပါပဲ။ သူတို့က မကွယ်မ၀ှက်ဘဲဖြေဖို့တော့ သင်က လမ်းကြောင်း ပေးပြောဆိုပေါ့လေ။ အချစ်က မျက်ကန်းဖြစ်စေတတ်တယ်မလား။ ဆိုလိုတာက ချစ်နေရင် အပြစ်မမြင်တတ်ဘူး။ အပြစ်မမြင်တာမှ ကိုယ့်ကို ယ်ကိုလည်းမမြင်သလို၊ ကိုယ်ချစ်နေတဲ့သူကိုလည်း အပြစ်မမြင်ဘူး။  ဒါပေမဲ့ ကိုယ့်မိသားစုဝင်တွေနဲ့ ကိုယ့်ကိုကောင်းစေချင်တဲ့သူငယ်ချင်းတွေကတော့ သင်မမြင်နိုင်တဲ့အမှန် တရားကို သင့်ကို ပေးသိ ကြမှာပါ။ 

ဒါဆို လွှမ်းမိုးချုပ်ကိုင်တတ်သူတစ်ယောက်ရဲ့ စရိုက်လက္ခဏာက ဘာတွေလဲ…
လွှမ်းမိုးချုပ်ကိုင်တတ်သူတစ်ယောက်ရဲ့ လက္ခဏာတွေက အရမ်းသိမ်မွေ့တာကြောင့် သတိမပြုမိရင် လွတ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူရဲ့ အမူအကျင့် အမှန်ကို မျက်စိဖွင့်ထားပြီး လေ့လာနိုင်ဖို့ မျှော်လင့်ပါတယ်။

ကဲ… စပြီနော်။
၁။ သူတို့က သင့်ကို မယုံကြည်ဘူး၊ ဘာကြောင့်မယုံကြည်သလဲဆိုတဲ့ အကြောင်းပြချက်လည်း မရှိပြန်ဘူး။

ယုံကြည်မှုဟာ တစ်ယောက်ကိုတစ်ယောက်လွှမ်းမိုးလိုခြင်းမှာ အဓိကကျတဲ့နေရာက ပါဝင်နေပါတယ်။ အကယ်၍များ တစ်စုံတစ်ယောက်က သင့်ကို ယုံကြည်တယ်ဆိုရင် အဲဒီ့လူက သင့်ကို မလွှမ်းမိုးမချုပ်ကိုင်လိုဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဒီလိုမှ မဟုတ်ဘဲ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ သင့်ကိုမယုံကြည်ဘူးဆိုရင်တော့ တစ်ခုခု မှားနေတာ အသေအချာပါ။ အဲဒီလိုအကြောင်းပြချက်မရှိ မယုံကြည်နေတာကို၊ သူယုံကြည်လာအောင် ဘယ်လိုပြုပြင်ပါ၊ ဘယ်လိုပြောင်းလဲပါဆိုပြီး ပြောလာခဲ့ရင်တော့၊ အဲဒါဟာ သင့်အပေါ် လွှမ်းမိုးချုပ်ကိုင်မည်တယ် ဆိုတာ သင်က သဘောပေါက်ရမှာပါ။

၂။ သင့်ဘက်က ယုံကြည်ဖို့ကိုတော့ မျှော်လင့်တတ်ပြန်တယ်။
သူတို့ဘက်ကသာ သင့်အပေါ် အကြောင်းပြချက်မရှိ မယုံကြည်တတ်တာ၊ သူတို့အပေါ်တော့ သင့်ဘက်က အကြောင်းပြချက်မရှိ ယုံကြည်ဖို့ မျှော်လင့်တတ်ကြပါတယ်။ အကယ်၍များ သူတို့က အမှားတစ်စုံတစ်ရာလုပ်ခဲ့လို့ သင်ကမေးခဲ့ရင်၊ သူတို့အကြီးအကျယ် ခုခံဖြေရှင်းပါလိမ့်မယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ သင့်ဘက်ကိုပါ အမှုပြန်ပတ်အောင် ပြောဆိုပါလိမ့်မယ်။ သူများကို လွှမ်းမိုးချုပ်ကိုင်ချင်တဲ့သူတွေ မခံစားနိုင်ဆုံးဖြစ်ရပ်က  သူတို့ကို ထိန်းချုပ်လွှမ်းမိုးတာသာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ရိုးရိုးတန်းတန်းမေးခွန်းလေးတွေ မေးမိရင်တောင် သင့် ကို အကြီးအကျယ်တိုက်ခိုက်လာပါလိမ့်မယ်။ 

၃။ စိတ်မလုံမလဲနဲ့ သူတို့အလိုကိုလိုက်ရအောင်လုပ်တယ်…
သင့်စိတ်ကိုမလုံမလဲဖြစ်အောင်၊ အပြစ်ရှိသလိုခံစားရအောင် လုပ်တတ်တာဟာ လွှမ်းမိုးချုပ်ကိုင်ချင်သူတွေ သုံးလေ့သုံးထရှိတဲ့  မဟာဗျူဟာ တစ်ခုလည်းဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ကို ငါးစာအဖြစ်သုံးပြီး သင့်ကို တစ်ရစ်ရစ်ပတ်နှောင်မှာပါ။ တစ်စုံတစ်ခုသော အကြောင်းအရာနဲ့ ပတ်သက်လို့ သင်က သူ့ကို မေးခွန်းမေးမိရင်၊ သင့်ကိုသင်အပြစ်ရှိသလို ခံစားရအောင် ပြန်လည်ချေပကြပါလိမ့်မယ်။ နောက်ဆုံးမှာသင်ပဲ တောင်းပန်လိုက်ရတဲ့အဖြစ်မျိုးဖြစ်လာအောင်တွန်းပို့မှာပါ။
သူတို့ချိန်းဆိုတာကို သင်တစ်ခါတစ်ရံများ ဖျက်မိရင်၊ သူတို့ဘာမှမဖြစ်သလို ဟန်ဆောင်ထားပြီး သင့်ဘက်က ချိန်းဆိုလာရင် သူက ဦးအောင်ပြန်ဖျက်ပြပါလိမ့်မယ်။ သင့်စိတ်ထဲမလုံမလဲဖြစ်အောင် လုပ်တတ်တာ လွှမ်းမိုးချုပ်ကိုင်လို သူတွေအတွက် အတော်အလုပ်ဖြစ်တဲ့နည်းလမ်းတစ်ခုပါ။ အကယ်၍များဒီလိုအဖြစ်မျိုး ထပ်ခါထပ်ခါကြုံလာရရင်တော့ သူတို့ကို အပြစ်တင်ခြင်းထက် ကိုယ့်ကိုယ်ကိုသာ မေးခွန်းတွေ ပြန်မေးကြည့်ပါ။

၎။ သူတို့မှာ အတိုင်းအဆလည်းမရှိဘူး…
သူတို့ရဲ့ ရည်ရွယ်ချက်က အချိန်တိုင်း သူများအပေါ် လွှမ်းမိုးချုပ်ကိုင်ဖို့သာဖြစ်ပါတယ်။ ဒါကြောင့် သာမန်အချစ်ရေးမှာ နှစ်ယောက်သား ရန်ဖြစ်ကြတယ်ဆိုပေမဲ့၊ အရေးကြီးတဲ့အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်အနီးကပ်ဆုံး ရှိနေတတ်တာမျိုးပါ။ ဒါပေမဲ့ သင့်ချစ်သူက လွှမ်းမိုးတတ်သူဆိုရင်တော့ သင်ခက်ခဲနေရင်တောင် သူအနိုင်ရဖို့ပဲ ဦးတည်နေတတ်လို့ သင့်ကို ပိုခက်ခဲစေပါလိမ့်မယ်။ ဆိုလိုတာက သင်က တစ်ဖက်မှာ သေလုမတတ်အလုပ်ရှုပ်နေလည်း၊ သူ့ပြဿနာ သူ့အရေး ကို မလုပ်ပေးနိုင်ရင်  သင့်ကိုပြဿနာရှာပြီး ရန်ပွဲကိုဖန်တီးတာမျိုးပါ။ သူ့မှာ သူလွှမ်းမိုးဖို့၊ ချုပ်ကိုင်ဖို့ဆို အကန့်အသတ် အတိုင်းအဆမရှိပါဘူး။

၅။ ကြိုးကိုင်ခြယ်လှယ်တတ်တယ်…
လွှမ်းမိုးချုပ်ကိုင်ခြင်းနဲ့ ကြိုးကိုင်ခြယ်လှယ် ခြင်းဟာ လက်တွဲထားတဲ့ မိတ်ဖက်နှစ်ဦးပါ။ ကြိုးကိုင်ခြယ်လှယ်ခြင်း တစ်မျိုးတည်းပဲ သုံးမယ်ဆိုနည်းလမ်းက  ပိုပြီး သိမ်မွေ့ပါတယ်။ အဲဒီ့နည်းလမ်းက သူတစ်ပါးရဲ့ဖိအားကြောင့်မဟုတ်ဘဲ ကိုယ်တိုင် လိုလိုချင်ချင်ရွေးချယ်ယူခဲ့တဲ့ပုံစံမျိုး ခံစားမိစေလို့ပါ။ သင့်မှာ အကြောက်တရားခံစားရပါစေ၊ ဒေါသထွက်ပါစေ၊ ဘယ်လိုဖြစ်နေပါစေ သူတို့ လိုချင်တဲ့ပုံစံဖြစ်ဖို့ စည်းရုံးသိမ်းသွင်းသွားမယ့် သူတွေပါ။ 

၆။ သူတို့က သင့်ကို လွှမ်းမိုးတာ မဟုတ်ကြောင်းလည်း စည်းရုံးပါလိမ့်မယ်…
အကယ်၍များ သင့်ကို သူလွှမ်းမိုးတာ များနေပြီလို့ သူ့ကိုပြောရင် ဒါဟာ သူလွှမ်းမိုးတာမဟုတ် ကြောင်း သင့်ကို အကြီးအကျယ် စည်းရုံးသိမ်းသွင်းပါလိမ့်မယ်။ ဘာကတော့ ဘယ်လိုဖြစ်စေချင်လို့၊ ဘယ်အတွက်ကြောင့် ဘာလုပ်စေချင်လို့ စသဖြင့်ပေါ့။ အဲဒီလို ချစ်သူမျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင် တော့ သူတို့ရဲ့လွှမ်းမိုးမှုဘယ်ချိန်ရပ်မလဲရယ်လို့မစောင့်ပါနဲ့။ သင်ကိုယ်တိုင် ဒီချစ်ခြင်းကို အဆုံးမသတ်ခင်အထိ မရပ်ပါဘူးလို့ အခိုင်အမာ ပြောပါရစေ။

၇။ ဖုန်းလျှို့ဝှက်နံပါတ်နဲ့ လူမှုကွန်ယက် အကောင့်မှာသုံးတဲ့ လျှို့ဝှက်နံပါတ်ကိုလည်း လိုချင်တတ်ပါတယ်…
ဒီအချက်ကတော့ ခေတ်နဲ့အညီဖြစ်လာတဲ့ ခေတ်ပေါ် လွှမ်းမိုးချုပ်ကိုင်မှုနည်းလမ်းတစ်ခုပါ။ အကယ်၍များ သင့်ချစ်သူက သင့်ဖုန်း လျှို့ဝှက် နံပါတ်နဲ့ လူမှုကွန်ယက်အကောင့်မှာသုံးတဲ့ လျှို့ဝှက်နံပါတ်စတာတွေကို လိုချင်လာပြီဆိုရင်တော့ အလံနီလေးပြထားလိုက်ပါ။ ဒါဟာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကို အကြီးအကျယ် ၀င်ရောက်စွက်ဖက်ခြင်းမည်ပါတယ်။ ငါ့မှာ ဘာမှထိန်ချန်ထားစရာ မရှိလို့ ပေးလိုက်တယ်ဆိုလည်းသဘောပါပဲ။ ဒါပေမဲ့ သက်တမ်းရင့်တဲ့ ချစ်ခြင်းတွေမှာ တစ်ယောက်ချင်းစီအတွက် နယ်သတ်မျဉ်းကိုယ်စီရှိကြပါတယ်။ လွှမ်းမိုးချုပ်ကိုင် ချင်သူတွေမှာတော့ နည်းလမ်းမှားတွေသာ ရှိပါတယ်။

၈။ သူတို့ကို တစ်စုံတစ်ရာပြောဖို့ ကြောက်နေတယ်…
လွှမ်းမိုးချုပ်ကိုင်ချင်သူတွေဟာ သူများလုပ်လာတဲ့အရေးကိစ္စမှန်သမျှကို ကြီးကြီးကျယ်ကျယ်တွေဖြစ်အောင် လုပ်ပစ်တတ်ပါတယ်။  ဒါကြောင့် သူတို့နဲ့ ပြဿနာဖြစ်ဖို့လည်း ရှောင်ချင်တဲ့အပြင်၊ ကိုယ့်ကိုချုပ်ကိုင်ဖို့ နောက်ထပ်အကြောင်းရင်း တစ်ခုလည်းမရစေချင်တော့တာမို့ သူတို့ကို မပြောမယ့်နည်းလမ်းကိုသာရွေးချယ်ဖြစ်ပါတော့တယ်။

၉။ သူတို့ဟာ စိတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ ရိုင်းစိုင်းတတ်ပါသေးတယ်…
တစ်ခါတရံမှာ လွှမ်းမိုးချုပ်ကိုင်လိုသူတွေဟာ သိမ်မွေ့တဲ့နည်းလမ်းကို ရွေးချယ်လေ့ မရှိပါဘူး။ တစ်ဖက်သားကို စိတ်ပိုင်းအရရော၊ ရုပ်ပိုင်းအရပါ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်ပါတယ်။ သင့်ကို နစ်နစ်နာနာပြောဆိုတာမျိုးနဲ့ စိတ်ပိုင်းအရ နာကျင်စေတတ်သလို၊ သူတို့အလိုကို မလိုက်ရင်လည်း ခြေပါလက်ပါနဲ့ သင့်ကိုနာကျင်အောင်လုပ်တတ်တာမျိုးပါ။ အဲဒီ့အခါ ဒီချစ်ခြင်းကို ထားခဲ့ဖို့ စဉ်းစားပါ။

၁၀။ သိပေမဲ့လည်း သူတို့ကို စွန့်ခွာသွားဖို့လည်း ကြောက်နေတတ်တယ်…
ကိုယ့်လက်တွဲဖော်က လွှမ်းမိုးချုပ်ကိုင်သူ ဖြစ်တာကို သိပေမဲ့လည်း နှစ်ပေါင်းများစွာ မွန်းကြပ်ပိတ်လှောင် နေမိတတ်ပါသေးတယ်။ အကြောင်းကတော့ ဒီချစ်ခြင်းကို ကိုယ်စွန့်ခွာလိုက်ရင် သူပြန်ပြီး တုံ့ပြန်လာနိုင်တာတွေကိုတွေးပြီး ကြောက်နေလို့ပါ။ အဲဒီလိုအခြေအနေဖြစ်လာခဲ့ရင်တော့၊ သင်တို့ နှစ်ယောက်အပြင် နောက်ထပ်တစ်ယောက်ကို ပါ ဒီအဖြစ်အပျက်ထဲကို ဆွဲထည့်လိုက်ပါ။ ဆွဲထည့်လိုက်သူဟာ မိသားစုဝင်လည်းဖြစ်နိုင်သလို၊ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းလည်းဖြစ်နိုင်ပြီး ရှေ့နေဒါမှမဟုတ် ရဲစခန်းက တာဝန်ရှိသူတစ် ယောက်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုမှသာ ဒီအဖြစ်အပျက်ကနေ ရုန်းထွက်နိုင်မှာပါ။ အထက်မှာဖော်ပြထားတဲ့အချက်တွေထဲက အချက်တော်တော်များများ သင့်လက်တွဲဖော်မှာ ရှိ နေပြီဆိုရင်တော့ အဲဒီ့ချစ်ခြင်းကနေ အမြန်ဆုံး ရုန်းထွက်စေလိုပါတယ်။ စောင့်ကြည့်ဖို့ အချိန်ပေးခြင်းက အလုပ်မဖြစ်နိုင်ဘူးလို့ အကြံပြုပါရစေ။

Ref: The 10 Biggest and Most Obvious Signs of a Controlling Person By Samantha Ann