စုံတွဲတိုင်း ဖြတ်သန်းသွားရမယ့် အဆင့် (၉)ဆင့်

ချစ်ခြင်းတစ်ခုဟာ ဘယ်လိုနည်းနဲ့ပဲ စတင်ခဲ့ စတင်ခဲ့၊ အောက်မှာ ဖော်ပြသွားမယ့် အဆင့် (၉) ဆင့်ကိုတော့ စုံတွဲတိုင်း ဖြတ်သန်းသွားရပါလိမ့်မယ်။ အချိန်တစ်ချက်ပေးပြီး ဖတ်ကြည့်ရင်း ကိုယ်တွေစုံတွဲရော အဆင့်ဘယ်လောက်ကို ရောက်နေ ပြီလို့ ခန့်မှန်းကြည့်သင့်ပါတယ်။

လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်လှတာကြောင့် စုံတွဲတစ်ခုနဲ့ တစ်ခု ပုံစံချင်းမတူနိုင်ပါဘူး။ ဒီလူ တစ်ယောက်ကပဲ နှစ်ယောက်ကို ချစ်မိခဲ့ရင် အဲဒီ့ နှစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာပုံစံက ကွဲပြားနေမှာပါ။ ဘဝမှာ ချစ်ခြင်းများစွာနဲ့ ဖြတ်သန်းဖူးတဲ့ လူတွေဆိုရင်တော့ ဒီအဆိုကို ပြုံးပြုံးကြီးလက်ခံပါလိမ့်မယ်။

ဒါပေမဲ့လည်း အဲဒီ့ မတူတဲ့ ချစ်ခြင်းတွေဟာ ရေရှည်အတွက် ရည်ရွယ်ပြီးဖြတ်သန်းမယ်ဆိုရင်တော့ ဖြတ်သန်းရတဲ့ လမ်းခရီးတွေက ခပ်ဆင်ဆင်ဖြစ်လာပါလိမ့်မယ်။ လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာဟာလည်း လူသားတွေ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသလို သူဖြတ်သန်း ရှင်သန်ရမယ့် အဆင့်တွေရှိနေပါတယ်။

သင်နဲ့ သင့်လက်တွဲဖော်ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက် လိုက်ဖက်ညီမှုရှိသလဲဆိုတာ ဒီအဆင့်တွေက စစ်ဆေးကြမှာပါ။ ဖြတ်သန်းရတဲ့ အဆင့်ထဲက တစ်ခုခုမှာများ အမှားအယွင်းဖြစ်သွားပြီဆိုရင် သင်တို့နှစ်ယောက်ကြား တည်ဆောက်ထားတဲ့ ချစ်ခြင်းဟာ အဆိုးဆုံးအခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။

တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြလွန်းလို့ ဘဝတစ်သက်တာလုံး အတူဖြတ်သန်းသွားတော့မယ့်ပုံပေါက်နေတဲ့ စုံတွဲတွေ နှစ်နည်းနည်းကြာတဲ့အခါ ပြတ်စဲသွားကြတာမျိုးတွေ တွေ့ဖူး ကြုံဖူးတယ်မလား။ ဖြစ်နိုင်တာကတော့ ဒီလို စုံတွဲတွေဟာ ဖြတ်သန်းသွားရမယ့် အဆင့်တစ်ခုခုမှာ အမှားအယွင်းဖြစ်သွားလို့ဖြစ်နိုင်ပါတယ်။

အခုလက်ရှိ သင့်ရဲ့ အချစ်ရေးက ဘယ်လိုလဲ။ အချစ်အသစ်လား၊ သို့တည်းမဟုတ် နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့ သက်တမ်းရင့် အချစ်လား။ ဘယ်လောက်သက်တမ်းရှိတဲ့ အချစ်ပဲဖြစ်ဖြစ်၊ အောက်မှာဖော်ပြသွားမယ့် အဆင့်တွေထဲက အဆင့် တစ်ဆင့်နဲ့တော့ ကိုက်ညီနေမှာပါ။ ဒါကြောင့် သင့်ချစ်ခြင်းကို အဖြေရှာကြည့်ပြီး ပိုကောင်းတဲ့ လမ်းကြောင်းကို ရှာဖွေတွေ့နိုင်ဖို့ ဒီဆောင်းပါးက ကူညီနိုင်ပါလိမ့်မယ်။

အဆင့် (၁) အရူးအမူး ချစ်ခြင်းအဆင့်
ဒီအဆင့်ကတော့ စုံတွဲတိုင်းဖြတ်သန်းရတဲ့ ပထမဆုံးသော အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ တစ်ယောက်နဲ့ တစ်ယောက်ဟာ ထိန်းမနိုင် သိမ်းမရနိုင်အောင် ဆွဲဆောင်နိုင်ပြီး တွေ့ရတဲ့ အချိန်တွေက မလောက်င နိုင်သလို၊ ကမ္ဘာလာကကြီးမှာ ကိုယ်တွေ နှစ်ယောက်တည်းရှိသလို ဖြစ်ကြတဲ့ အဆင့်ပါ။ တစ်ယောက် နဲ့ တစ်ယောက်ဟာ လက်ချင်းတွဲလို့၊ လက်မောင်းလေးကိုခိုလို့၊ ပခုံးလေးကိုဖက်လို့ နီးနီးကပ်ကပ်နေချင်နေကြပြီး နည်းနည်းလေး ဝေးလို့တောင်မဖြစ်တဲ့ အဆင့်ပေါ့။ ဒီအဆင့်မှာ တစ်ယောက်ရဲ့အမှားကိုလည်း တစ်ယောက်က မမြင်နိုင်ဘူး၊ ကောာင်းတာလေးပဲ ကွက်ကြည့်တဲ့ အချိန်ကာလည်းဖြစ်ပါတယ်။

အဆင့် (၂) တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာတဲ့အဆင့်
ဒီအဆင့်မှာ ချစ်သူနှစ်ယောက်ဟာ တစ်ယောက်အကြောင်းကို တစ်ယောက်ပိုသိလာတဲ့ အဆင့်ပေါ့။ ညကြီးမိုးချုပ်တဲ့အထိ စကားတွေ ပြောဖြစ်လာတယ်။ ကိုယ့်ချစ်သူနဲ့ ပတ်သက်သမျှ အရာအားလုံးက ကိုယ့်အတွက် စိတ်ဝင်စားစရာချည်းပဲ။ သူ့ မိသားစုအကြောင်း၊ သူ့ချစ်သူဟောင်းအကြောင်း၊ သူကြိုက်တာကဘာလဲ၊ မကြိုက်တာကရောဘာလဲ၊ သူ လျှို့ဝှက်ထားတာကဘာလဲ။ မေးခွန်းတွေမေးရင်း အချိန်ကုန်ကြတဲ့အဆင့်ပေါ့။ သင်တို့ နှစ်ယောက်ကြားက အချစ်ဟာလည်း လှပလို့၊ စိတ်ကူးယဉ်ချင်စရာလည်းကောင်းလို့။

အဆင့် (၃) သာယာမှုပျက်ပြားတဲ့ အဆင့်
သာယာလှပတဲ့ အဆင့်လေးကို အချိန်အ တော်အတန်ဖြတ်သန်းပြီးတဲ့နောက်မှာ သာယာမှုပျက်ပြားစေတဲ့ ပယောဂတွေကို စတင်ရင်ဆိုင်လာရပါလိမ့်မယ်။ ပထမဆုံးအကြိမ် ရန်ဖြစ်ကြတာ၊ ကိုယ်နဲ့ ကိုယ်လက်တွဲဖော်အကြား သဘောထားတွေ စပြီးကွဲလွဲလာတာမျိုးတွေ ရှိလာတဲ့အချိန်ကို မှတ်မိတယ်မလား။ ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန် ပြေလည်သွားတယ်ဆိုစေဦးတော့၊ စုံတွဲတိုင်းဟာ ဒီလိုမျိုး ပဋိပက္ခတွေကို ကျော်လွှားရင်ဆိုင်ရမှာ မလွဲဧကန်ဖြစ်ကြောင်းပါ။

အဆင့် (၄) သဘောထားဖလှယ်တဲ့ အဆင့်
သဘောထားကွဲလွဲတာ၊ ရန်ဖြစ်တာတွေ ကြုံလာပြီးတဲ့ စုံတွဲတွေဟာ နောက်တစ်ဆင့်တက်တဲ့အနေနဲ့ တစ်ယောက်ရဲ့ သဘောထားကို တစ်ယောက်က သေချာနားလည်စေပြီး သဘောထား ဖလှယ်ကြပါတော့တယ်။ ဒီလို သဘောထားဖလှယ် တဲ့အဆင့်ကို လပေါင်းအတန်ကြာ ဖြတ်သန်းပြီး ပြီဆိုရင်တော့ စုံတွဲတစ်တွဲမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်လိုဖြစ်စေချင်တယ်၊ ဘယ်လိုမျှော်လင့်တယ်ဆိုတာ အချင်းချင်း သိနားလည်လာကြပါတော့တယ်။

သင့်လက်တွဲဖော်က ဒီချစ်ခြင်းတရားအပေါ် ဘယ်လိုသဘောထားပြုမူတယ်ဆိုတဲ့အပေါ်မှာလည်း ရှင်းရှင်းလင်းလင်း သိမြင်လာတတ်ပါတယ်။ ကိုယ့်သဘောထားကို ပြောထားပေမဲ့ သူ ပြုမူတုန့်ပြန်လာတဲ့အပေါ် ကိုက်ညီမှုတွေ ရှိလာတဲ့အခါ သင် အားရကျေနပ်ပျော်ရွှင်ရပြီး၊ ကိုယ့်သဘောထားနဲ့ သူ့ တုန့်ပြန်မှု ကွဲလွဲမှုတွေရှိလာတဲ့ အခါ သင်ဖိစီးမှုတွေကို ခံစားလာရနိုင်ပါတယ်။

သို့သော်လည်း ရံဖန်ရံခါ ကွဲလွဲမှုတွေက သင့်ကိုကျေနပ်ပျော်ရွှင်စေနိုင်ပြီး အများအားဖြင့်တော့ ဖိစီးမှု တွေကို ဖြစ်စေပါတယ်။ ဥပမာ သင့်လက်တွဲ ဖော်ဆီက ဘာမှ မျှော်လင့်မထားပေမဲ့ သူက သင့်အတွက်ပန်းတွေ လက်ဆောင်ဝယ်လာမျိုး။ ဒါပေမဲ့လည်း ခရီးက ပြန်လာတဲ့သင့်ကို လေဆိပ်ကနေ အချိန်ကိုက်စောင့်ကြိုနေမယ် မျှော်လင့်ပေမဲ့ တစ်နာရီနီးပါးကြာမှ လာကြိုဖို့ မေ့နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာရင်တော့ သင့်မှာဖိစီးမှုတွေဖြစ်လာတယ်မဟုတ်လား။

အဆင့် (၅) ပုံသွင်းသည့်အဆင့်
ကိုယ့်လက်တွဲဖော်ကို ကိုယ့်စိတ်ကူးထဲကပုံရိပ်အတိုင်းဖြစ်ဖို့ ကြိုးစားပုံဖော်တဲ့အဆင့်က သဘောထားဖလှယ်ပြီးတဲ့ နောက်မှာ တစ်ပါတည်းလိုက်လာတတ်ပါတယ်။ အဲဒီ့အဆင့်မှာ ကိုယ့်လက်တွဲဖော်ကို ကိုယ့်စိတ်ကြိုက်ပုံစံဖြစ်ဖို့ ချစ်ခြင်းမှာ ပါဝင်ပတ်သက်သူ နှစ်ယောက်လုံးက အပြင်းအထန်ကြိုးစားကြပါတယ်။ ဒီအဆင့်မှာ သိပ်အတ္တကြီးလို့မရပါဘူး။ အပေးအယူရှိဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံရဖို့ ကြိုးစားတဲ့နေရာမှာလည်း သိမ်မွေ့စွာစည်းရုံးနိုင်ဖို့လိုပါတယ်။ လူတစ်ယောက်ရဲ့ အမူအကျင့်ဟာ ပြောင်းဖို့ သိပ်ခက်တယ်ဆိုတာသိထားပြီး ကိုယ့်ကို ချစ်လို့ ကြိုးစားပြောင်းတဲ့အဖြစ်ကိုလည်း သေချာနားလည်ဖို့လိုပါတယ်။ ဒီအဆင့်မှာ နှစ်ယောက်စလုံး ကြိုးစားရုန်းကန်ကြရတာပါ။ နှစ်ယောက်လုံးက ကိုယ် သာစီးရဖို့ပဲ ကြိုးစားမယ်ဆိုရင်တော့ အဲဒီ့ နှစ်ယောက်ကြားက ချစ်ခြင်းဟာ ဒီအဆင့်မှာပဲ အဆုံးသတ်သွားတတ်ပါတယ်။

အဆင့် (၆) ပျော်ရွှင်ခြင်း အဆင့်
တစ်ယောက်နဲ့ တစ်ယောက် ပုံသွင်းကြတဲ့အ ဆင့်မှာ နှစ်ယောက်စလုံးက တူတူညီညီပြောင်းလဲပေးပြီး ဒီချစ်ခြင်း ခိုင်မြဲဖို့အတွက် နားလည်မှုရှိရှိ ကြိုးစားတည်ဆောက်ကြတဲ့ စုံတွဲတွေသာ ဒီပျော်ရွှင်ခြင်းအဆင့်ကို ရောက်လာနိုင်တာပါ။ ဒီအဆင့် 
ကိုရောက်လာရင်တော့ ချစ်သူနှစ်ဦးဟာ တစ်ယောက်ရဲ့ မျှော်လင့်ချက်ကို တစ်ယောက်နားလည်ပြီး၊ ပျော်ရွှင်စွာနေ့ရက်များကို လိုက်ဖက်ညီစွာ ဖြတ်သန်းကြပါတယ်။ 

စုံတွဲတော်တော်များများက ဒီအဆင့်မှာ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ဖြည့်ဘက်ဖြစ်တယ်လို့ ခံစားရတာမို့  စေ့စပ်ဖို့၊ လက်ထပ်ဖို့ ဆုံးဖြတ်လေ့ ရှိကြပါတယ်။ တကယ်တော့ ဒီအဆင့်ရောက်မှသာ တစ်ယောက်ကိုတစ်ယောက်နှစ်နှစ်ကာကာချစ်ပြီး ခံစားချက်ခြင်း ဆက်နွယ်လို့ ရလောက်တဲ့အထိ တစ်ယောက်ကို တစ်ယောက် နားလည်တယ်လို့ ယူဆနိုင်မှာပါ။

အဆင့် (၇) သံသယဝင်တဲ့ အဆင့်
သံသယက အခုမှ ဝင်တာလားဆိုတော့ မဟုတ်ဘူး။ ဒီလူနှစ်ယောက်ရဲ့ ချစ်ခြင်းကို စတင်ကတည်းက သံသယကလည်း ရှိနေတာ။ ဒါမှမဟုတ် ဖြတ်သန်းရာ လမ်းတစ်လျှောက်ရဲ့ တစ်နေရာရာမှာကတည်းက သံသယက တွားသွားပြီး ဝင်လာခဲ့တာ။ သံသယရဲ့ ပြင်းအားကတော့ ချစ်ခြင်းတစ်ခုမှာပါဝင်နေသူနှစ်ဦးဟာ ဒီချစ်ခြင်းပေါ်မှာ ဘယ်လောက်ပျော်ရွှင်လဲဆိုတဲ့ပေါ်တည်မီပါတယ်။

သင်ဟာ သင့်ဘဝရဲ့ ပျော်ရွှင်မှုတွေက ဒီချစ်ခြင်းမှာပဲ မူတည်တယ်လို့ စဉ်းစားမိတဲ့အခါ ဒီချစ်ခြင်းအပေါ် သံသယဝင်လာတော့တယ်။ သင်မပျော်မရွှင် ဖြစ်နေရင်တော့ ဒီချစ်ခြင်းကြောင့်လို့ အမည်တပ်ချင်လာတယ်။ သင့်ရဲ့ ပြီးခဲ့တဲ့ အချစ်အကြောင်း၊ ပြတ်သွားတဲ့ရည်းစားဟောင်းအကြောင်းတွေကို စဉ်းစားလာတတ်တယ်။ အဲဒီ့အခါ ကိုယ့်ရဲ့ အချစ်ရေးကို သူများတွေရဲ့ အချစ်ရေးနဲ့ နှိုင်းယှဉ်လာတတ်တယ်။ ဘယ်သူကတော့ ဘယ်လိုပျော်နေတာ၊ ငါ့မှာတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့လေ။ ဒီလိုသံသယဝင်လာရင် ချစ်ခြင်းတစ်ခုက ဆက်လက်ရှင်သန်နိုင်သေးလားလို့ မေးလာရင်တော့ အခြေအနေတစ်ခုမှာ ရှင်သန်နိုင်ပါတယ်။ ဘယ်လိုအခြေအနေလဲဆိုတော့ လူနှစ်ယောက်ရဲ့ အချစ်ရေးက တစ်သတ်မှတ်တည်းမသွားဘဲ အနိမ့်အမြင့်နဲ့၊ ဇာတ်ရှိန် အတက်အကျနဲ့ ဆိုရင်တော့ ဆက်လက်ရှင်သန်နိုင်ပါတယ်။ ဆိုလိုတာက ပျင်းစရာ အပိုတွေ တွေးစရာအချိန်မရှိတော့ဘူးပေါ့။

အဆင့် (၈) အတွင်းကျကျနားလည်မှုယူတဲ့အဆင့်
ဖိုမ သဘာဝအရ ဖြစ်လာတဲ့ ဆန္ဒတွေကို အချင်းချင်းဖလှယ်ကြတဲ့ ဒီအဆင့်မှာ တချို့သော စုံတွဲတွေက အပေးအယူမျှလို့ ရှေ့ကို ဆက်နိုင်သလို၊ တချို့စုံတွဲတွေကျတော့လည်း အပေးအယူမမျှနိုင်တဲ့အတွက် ဒီအဆင့်ကို မကျော်နိုင်ကြတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူစုံတွဲတိုင်းကတော့ ဒီအဆင့်ကို ဖြတ်ကိုဖြတ်သန်းရမှာပါ။ ဖြတ်သန်းချိန်မှာ သူ့ စိတ်ဝင်စားမှုနဲ့ ကိုယ့်စိတ်ဝင်စားမှု ချိန်သားကိုက်တဲ့ စုံတွဲတွေက ဒီအဆင့်ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖြတ်သန်းရတတ်ပါတယ်။ ဒီလိုဖြတ်သန်းပြီးတဲ့ စုံတွဲတော်တ်ာများများဟာလည်း တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်ပြီး ပိုနီးကပ်လာတတ်ပါတယ်။

အဆင့် (၉) လုံးဝဥဿုံ ယုံကြည်သွားတဲ့ အဆင့်
ဒါက နောက်ဆုံးအဆင့်ဖြစ်တာကြောင့် အဖန်ဖန်တလဲလဲသော စစ်ဆေးမှု အဆင့်တွေကို အောင်မြင်ကျော်လွှားခဲ့ကြတဲ့ စုံတွဲတွေ ရောက်လာတဲ့အဆင့် ဆိုကြပါစို့။ ဒါကြောင့် ဒီအဆင့်ကိုရောက်လာတဲ့ စုံတွဲတွေဟာ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်နှစ်သက်တာနဲ့အမျှ အကြွင်းမဲ့လည်း ယုံကြည်သွားကြပါတယ်။ လွယ်လွယ်ဆိုရရင်တော့ ဘယ်သူခွဲခွဲ ဒို့မကွဲဆိုတဲ့ အဆင့်ပေါ့။

ဒီအဆင့်မှာ နှစ်ယောက်လုံးဘဝအတွက် နှစ်ယောက်လုံးရဲ့ ဦးတည်ချက်ကကွဲလွဲပါစေဦးတော့၊ တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို တစ်ယောက်က လိုက်နာလို့၊ တစ်ယောက်ရဲ့ အမူအကျင့်ကို တစ်ယောက်က နားလည်လို့ ပျော်ပျော်ရွှင်ရွှင် အတူတကွ ခရီးဆက်ကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက် နီးကပ်လွန်းလို့ ဒီအခြေအနေမှာတော့ဖြင့် သူက ဘယ်လို တုန့်ပြန်မယ်၊ ဘယ်လို ခံစားမယ်ဆိုတာက အစ ခန့်မှန်းနိုင်ပါတယ်။

လူနှစ်ဦးကြားက ချစ်ခြင်းရဲ့ နောက်ဆုံးအဆင့်ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ချီးကျူးတာတွေ၊ တောင်းပန်တာတွေ  သိပ်မတွေ့ရတတ်တော့ပါဘူး။ ဒါပေမဲ့လည်း ဒီလိုပျက်ကွက်မှုတွေကို တစ်ယောက်နဲ့ တစ်ယောက် နားလည် ပေးနိုင်လောက်အောင် သူတို့ နှစ်ယောက်ကြားက ချစ်ခြင်းက ခိုင်မာနေခဲ့ပါပြီ။

အကယ်၍များ သင့်အချစ်ရေးက အစသာရှိသေးတယ်ဆိုရင်တော့ ဖော်ပြထားတဲ့ အဆင့်တွေအားလုံးကို ဖြတ်သန်းမိမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့လည်း စိတ်မပူပါနဲ့။ နေ့အလင်းပြီး ညအမှောင်လာသလို မှောင်မိုက်တဲ့  ရက်တွေကိုလည်း သင့်လက်တွဲဖော်နဲ့ သင်ဖြတ်သန်းရမှာပါ။ ဖြတ်သန်းရတဲ့အချိန်ရောက်ရင်သာ အပေးအယူမျှမျှနဲ့ ရှေ့ဆက်နိုင်ကြပါစေ။ 

ဖော်ပြထားတဲ့ အဆင့် (၉) ဆင့်ကတော့ ချစ်သူနှစ်ယောက်အတွက် ပိုလှပတဲ့ အနာဂတ်လေး ကြုံတွေ့ခံစားရစေဖို့ ဖြတ်သန်းသွားရတဲ့ လှေကားထစ်တွေသာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးရဲ့ အသိမှာ ဒီချစ်ခြင်းလေး သက်တော်ရာကျော်စေပါကြောင်းဆန္ဒနဲ့ နေသာတဲ့နေ့တွေရော၊ မှောင်မိုက်တဲ့ညတွေပါ အတူတကွ ဖြတ်သန်းနိုင်ပါစေကြောင်း။

Ref: 9 Relationship Stages That All Couples Go Through By Elizabeth Arthur