နှာစေးနှာပိတ်နေတဲ့ ဘေဘီများအတွက်

ရာသီဥတု အကူးအပြောင်းဟာ ဘေဘီတွေအတွက်ရော၊ မိဘတွေအတွက်ပါ ပြဿနာများတဲ့ အချိန်အခါပါ။ ကိုယ့်ကလေး  ဖျားပြီ၊ ချောင်းဆိုးပြီ၊ နှာစေး နှာပိတ်ပြီဆိုရင် မိဘတွေ သောကရောက်ကြရပါပြီ။  အရွယ်ရောက်ပြီးသား လူကြီးတွေလို   အလွယ်တကူရနိုင်တဲ့ အဖျားကျဆေး၊  ချောင်းဆိုးနှာစေးပျောက်ဆေး လည်း တိုက်လို့မရနိုင်ပါဘူး။ လူကြီးတွေအတွက်  အမြန်သက်သာစေတဲ့ ဆေးတွေက ကလေးငယ်အတွက် ဘေးထွက်ဆိုးကျိုးအရမ်းများနိုင်ပါသေးတယ်။ အထူးသဖြင့် (၂)  နှစ်အောက်ကလေးငယ်တွေဟာ အထိမခံတဲ့ ရွှေပန်းကန်လေးတွေပါ ဖေဖေတို့မေမေတို့။ နောက်ပြီး ကလေးအတွက်  ဆေး တွေတစ်လှေကြီးတိုက်ရမယ်ဆိုရင်လည်း ကိုယ့်ကလေးက ဆေးတိုက်ခက်တဲ့ကလေးဆို အမေတွေ ခမျာ  ရူးတောင်  သွားချင်တဲ့အထိဖြစ်တဲ့ကိစ္စပါ။ အဲ့လိုကလေးတွေရှိတဲ့အမေတွေအတွက် ဆေးအများကြီးမတိုက်ရဘဲ ကိုယ့်ကလေး  သက်သာနိုင်မယ့် နည်းလမ်းတွေနည်းနည်းဝေမျှပေးချင်ပါတယ်။
ပထမဆုံးတော့ ကလေးဘာကြောင့်ဖျားသလဲ၊ ဘာကြောင့် နှာစေး နှာပိတ်သလဲဆိုတာ အရင်ဆုံး နားလည်အောင်လုပ်ရ အောင်။

ကလေးက ဘာကြောင့် ခဏခဏဖျားသလဲ…

အတိုဆုံးပြောရရင်တော့ သူတို့ရဲ့ ကိုယ်ခံအားစနစ်က ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် ရာသီပြောင်းတိုင်း  ဖျားကြရတာ ဖြစ်ပါတယ်။ နောက်တစ်ခုက တောက်တောက်ပြေးတဲ့အရွယ်ဟာ ပတ်ဝန်းကျင်မှာရှိသမျှအရာအားလုံးကို စပ်စုပါတယ် ။ သူတို့ မျက်စေ့ရှေ့တွေ့သမျှကို ထိမယ်၊ ကိုင်မယ်၊ တချို့များဆို ပါးစပ်ထဲလည်း ထည့်ပစ်တတ်ပါတယ်။  အဲဒီ့ ထိကိုင်ထား တဲ့လက်က ပါးစပ်ကို ရောက်၊ ဒါမှမဟုတ် နှာခေါင်းကို ပွတ်တဲ့အခါ အဲဒီ့ပါးစပ်၊ နှာခေါင်းကတဆင့် ဗိုင်းရပ်စ် က  သူတို့ ခန္ဓာကိုယ်ထဲ ရောက်ပါတော့တယ်။ ကလေးကို ဖျားနာစေတဲ့ ဗိုင်းရပ်စ်ဟာ အမျိုးပေါင်း (၂၀၀) ကျော်အထိ  ရှိတဲ့ဆိုတာ ဒီနေရာမှာ ဗဟုသုတအဖြစ်ပြောချင်ပါတယ်။ နောက်တစ်ချက်က အဲဒီ့ ၂၀၀ ကျော်သော ဗိုင်းရပ်စ် များထဲက  အများစုဟာ ဆောင်းရာသီမှာ အင်မတန်ပျော်ပါတယ်။ ဆိုလိုတာက အားကောင်းတယ်၊ ကူးစက်လွယ်တယ်ပေါ့။

ကလေးငယ် နှာစေးခြင်းရဲ့ လက္ခဏာရပ်တွေ…

ကလေးငယ်တစ်ယောက်ဖျားပြီဆိုရင် ချောင်းဆိုး၊ ဒါမှမဟုတ် နှာစေခြင်းက တွဲလျက်ကပ်ပါလာတတ်ပါတယ်။ နှာရ ည် တောက်တောက်ကျပြီး တစ်ရက်နှစ်ရက်လောက်နေရင် နှာရည်ကြည်က  မီးခိုးရောင်ပေါက်လာမ ယ်၊ အဲဒီ့ကမှ တဆင့် အ၀ါရောင်၊ အစိမ်းရောင်ဖြစ်လာမယ်။ နှာစေးတာ ချက်ချင်းမပျောက်နိုင်ပါဘူး။ ရက်အနည်းငယ်စောင့်ရပါတယ်။

နှာစေးခြင်းအတွက် သက်သာစေမယ့် နည်းလမ်းများ….

အောက်မှာ ဖော်ပြမယ့် နည်းလမ်းတွေက ဘေးလည်းကင်းမယ့်အပြင် အကုန်အကျလည်း သက်သာမယ့် နည်းလမ်း  တွေ ပါ။ ဘေးထွက်ဆိုးကျိုးများမယ့် ဆေးတွေအစား ဒီလို နည်းလမ်းတွေက နှာစေးနေတဲ့ ကလေးကို သက်သာစေနိုင်ပါတယ်။

၁။ ပရုတ် နဲ့ အုန်းဆီ

ပရုတ်ဆီ နဲ့ အုန်းဆီကို ရောပြီး အပူပေးပါ။ ပြီးရင် ညအိပ်ချိန်မှာ ကလေးရဲ့ ခန္ဓာကိုယ်အနှံ့ကိုဆုပ်နယ်ပေးပါ။ အထူးသဖြင့် ရင်ဘတ်နဲ့ ကျောကိုလိမ်းပေးပါ။ ရင်ထဲမှာ ကြပ်နေတာတွေကို သက်သာပြီး ချောင်းဆိုးနဲ့ နှာစေးလည်းသက်သာတာမို့ ကလေးက အေးအေးဆေးဆေး အိပ်စက်နိုင်မှာပါ။

၂။ ဇာတိပ္ဖိုလ်နဲ့ နို့

အိမ်မှာ ဇာတိပ္ဖိုလ်အမှုန့် အလွယ်ရှိရင်တော့ အဲ့အမှုန့်နည်းနည်းနဲ့ နွားနို့ ထမင်းစားဇွန်း တစ်ဇွန်းကို ပွက်အောင် တည်ပါ။ ပြီးရင် အအေးခံပြီး ခပ်နွေးနွေးအနေအထားမှာ ကလေးကို တိုက်လိုက်ပါ။ ချက်ချင်းသက်သာသွားပါလိမ့်မယ်။

၃။ ရေနွေးငွေ့

အဖျားကြောင့်ဖြစ်တဲ့ ချောင်းဆိုးနဲ့ နှာစေခြင်းတွေကို ကောင်းကောင်းကုသပေးနိုင်တာ က ရေနွေးငွေ့ ပါ။ ရေနွေးငွေ့ ကို ရှုခိုင်းပါ။ ရေနွေးငွေ့ရှုလိုက်ရင် အသက်ရှုလမ်းကြောင်းတစ်လျှောက်ပိတ်နေတဲ့ ဝေဒနာသက်သာသွားပြီး နှ လည်း  သက်သာစေနိုင်ပါတယ်။

၎။ မုန်ညှင်းဆီ

မုန်ညှင်းဆီက ကလေးရှိတဲ့အိမ်တိုင်းဆောင်ထားသင့်တဲ့ အိမ်သုံးဆေးတစ်မျိုးပါ။ အထူးသဖြင့် အခုလို ဆောင်းရာသီမျိုးမှာ  ပါ။ မုန်ညှင်းဆီကို နှာစေးနေတဲ့ကလေးရဲ့ ကျော နဲ့ ရင်ဘတ်ကို တစ်နေ့ နှစ်ကြိမ်လောက်လိမ်းပေး တာနဲ့ ကလေးက နေရ ထိုင်ရ သက်သာတာ မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်။

၅။ ဂျင်း နဲ့ ပျားရည်

အိမ်တွေမှာ အလွယ်တကူရနိုင်တဲ့ မီးဖိုချောင်ပစ္စည်းနှစ်မျိုးပါ။ ဒါပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။ သူ့အစွမ်းကအင်မတန် ထက်ပါတယ်။ ဂျင်းအနည်းငယ်ကို အရည်ရအောင်ညှစ်ယူပြီး ပျားရည်နဲ့ ရောပါ။ ပြီးရင် နှာစေးနေတဲ့ကလေး ကို တစ်နေ့  သုံးကြိမ်လောက်ဝင်အောင်တိုက်နိုင်မယ်ဆို  အင်မတန်သက်သာသွားတာတွေ့ရပါလိမ့်မယ်။

နှာပိတ်နေတဲ့ ကလေးတွေအတွက်

နှာပိတ်နေတဲ့ ကလေးကလေးတွေဟာ အသက်ရှူရခက်တာတာကြောင့် အိပ်တဲ့အခါ နဲ့ နို့ဘူးစိုတဲ့ကလေးတွေဆို နို့စို့ တဲ့အခါ  ပြဿနာအကြီးကြီး ဖြစ်လာပါတော့ တယ်။ တချို့ကလေးတွေဆို အစားအသောက်ပျက်တဲ့အထိပါ ဖြစ်တတ်  ပါတယ်။

၁။ ဆားရည်ကြည်အစက်ချကြည့်ပါ

နှာခေါင်းထဲထည့်တဲ့ ဆားရည်ကြည် ပုလင်းလေးတွေ ကို ဆေးဆိုင်တွေ အလွယ်တကူရနိုင်တယ်ဆိုပေမဲ့ ညဘက် အရေးပေါ် လိုခဲ့ရင်တော့ ရေကျက်အေး လက်ဖက်ရည်ဇွန်း လေးဇွန်း နဲ့ ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ရောပြီး အိမ်မှာပဲ ဆားရည်ကြည်လုပ်နိုင်ပါတယ်။ အဲဒီ့ဆားရည်ကြည်ကို ပိတ်နေတဲ့ နှာခေါင်းပေါက်ထဲနှစ်စက်လောက်ထည့်ပေးပါ။  ပိတ်နေတဲ့ ချွဲတွေ ပျော်ဆင်းသွားပြီး အသက်ရှူရကောင်းလာပါလိမ့်မယ်။

၂။ အရည်များများသောက်ပေးပါ…

ခပ်နွေးနွေးအရည်တွေ မကြာခဏသောက်ပေးမယ်ဆို လည်ချောင်းတစ်ဝိုက်က ချွဲတွေ ရှင်းပြီး နှာခေါင်းပိတ်တာ သက်သာ စေနိုင်ပါတယ်။ ရေခပ်နွေးနွေး၊ စွပ်ပြုတ်ပူပူ၊ နွားနို့ပူပူ စသဖြင့် အလျင်းသင့်သလို ကလေး ကြိုက်မယ့် အရည်တွေကို စဉ်းစား ပြီး စီစဉ်ပေးနိုင်ပါတယ်။

၃။ ပျားရည်…

ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ကလေး အိပ်ရာမ၀င်ခင် ရေနွေးနွေးနဲ့ ရောပြီး တိုက်ပေးရင် လည်ချောင်းနာတာ၊ ဖျားတာ၊ နှာပိတ်တာ အထူးသက်သာနိုင်ပါတယ်။ ပျားရည်ကို တစ်နှစ်အထက်ကလေးတွေကိုပဲတိုက်နိုင်တယ်ဆိုတာတော့  သတိပြုပါ။

၎။ မြှင့်ထားပါ…

ကလေး အိပ်ပျော်သွားတဲ့ အခါ၊ သူ့ခေါင်းကို ခန္ဓာကိုယ်နဲ့ တစ်ပြေးတည်းမထားဘဲ အနည်းငယ် မြှင့်ထားပေးပါ။ ခေါင်းအုံး အောက်မှာ အနှီးလေးခုတာဖြစ်ဖြစ် လုပ်ပေးပါ။ ဒါဆို သူအသက်ရှူရတာလွယ်ပြီး အိပ်ရတာ ပိုအဆင်ပြေ နိုင် ပါတယ်။
ဖော်ပြသွားတဲ့ နည်းလမ်းတွေထဲကတစ်ခုတစ်လေဖြစ်ဖြစ် ရာသီပြောင်းမှာ ကိုယ့်ကလေးအတွက်  ကောင်းကောင်းအသုံးချ နိုင်ဖို့ မျှော်လင့်မိပါကြောင်း….။