နွယ်ချိုရဲ့ ဆေးဖက်ဝင် အာနိသင်များ

နွယ်ချိုကို ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် လူသိများပြီး နိုင်ငံတော်တော်များများရဲ့ တိုင်းရင်းဆေးဝါးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့တာ နှစ်ရာပေါင်းများစွာ ကြာခဲ့ပြီလို့ အထောက်အထားများအရ သိရပါတယ်။ ဥရောပ၊ ရုရှား၊ မြေထဲပင်လယ်ဒေသတစ်ဝိုက်မှာ စတင်တွေ့ရှိခဲ့တဲ့ နွယ်ချိုဟာ သူ့မှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးပြု အာဟာရဓာတ်များကြောင့် လက်ရှိအချိန်မှာ ဆေးဝါးပုံစံအဖြစ်သာမကဘဲ အသင့်သောက်သုံးနိုင်တဲ့ လက်ဖက်ရည်ပုံစံမျိုးအဖြစ် သောက်သုံးလာကြသလို အဆီအနှစ်ထုတ်ပြီး အခြားစားသောက်ဖွယ်ရာများမှာထည့်သွင်းအသုံးပြုတာမျိုးကိုလည်း တွေ့လာရပါတယ်။ နွယ်ချိုဆိုတဲ့အတိုင်း သိသာတဲ့ အချိုဓာတ်ရှိတဲ့ အမြစ်အုပ်စုဝင် ဒီအပင်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘယ်လိုကောင်းကျိုးတွေရှိနေပါသလဲ။

အစာအိမ်နဲ့ အစာချေလမ်းကြောင်း ကျန်းမာရေး

အစာအိမ်နဲ့ ပတ်သက်တဲ့ မြန်မာ့တိုင်းရင်းဆေးနဲ့ အခြားဆေးဝါးတွေမှာ နွယ်ချိုကို အဓိက အသုံးပြုကြခြင်းက အဆိုပါ အချက်ကို သက်သေပြပြီး ဖြစ်ပါတယ်။ Phytonutrients လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး နွယ်ချိုမှာ ကြွယ်ဝစွာပါဝင်နေခြင်းက အစာအိမ်နဲ့ အစာချေလမ်းကြောင်းတစ်လျှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ခြင်းရဲ့ အဓိက အချက်ဖြစ်ပါတယ်။ နွယ်ချိုကို စားသုံးပေးခြင်းက အစာအိမ်ကို ဒုက္ခပေးနိုင်တဲ့ Helicobacter pylori ဘက်တီးရီးယားတွေ ပေါက်ဖွားဖွံ့ဖြိုးမှုကို ကာကွယ်ပေးနိုင်ပါတယ်။နွယ်ချိုရဲ့ အစာအိမ်နဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ကောင်းကျိုးတွေကြောင့် နွယ်ချိုကို စားသုံးမှု မြင့်မားလာပြီး ဆေးဝါးအဖြစ်မဟုတ်ဘဲ  နွယ်ချို ပါဝင်တဲ့ လက်ဖက်ရည်ကို သောက်သုံးနိုင်သလို  အသင့်အသုံးပြုနိုင်တဲ့ နွယ်ချိုအမှုန့်တွေကို မုန့်နဲ့ အဖျော်ယမကာတွေမှာ ထည့်သွင်းအသုံးပြုတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

Rheumatoid အဆစ်ရောင်ရောဂါ

လေ့လာမှုတွေ ပြုလုပ်ပြီးနောက် နွယ်ချိုမှာ အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်တဲ့ Rheumatoid ရောဂါကို ကုသရာမှာ အသုံးဝင်နိုင်တာကို သုတေသီတွေတွေ့ရှိလာပါတယ်။ နွယ်ချိုမှာ ရောင်ရမ်းခြင်းကို တားဆီးပေးနိုင်တဲ့ Anti-inflammatory ဓာတ်ပေါင်းတွေပါဝင်တာကြောင့် Rheumatoid ကြောင့်ဖြစ်တဲ့ အဆစ်တွေ ရောင်ရမ်းတာကို သက်သာစေနိုင်တယ်လို့သိရပါတယ်။ အခြားသော လေ့လာမှုများမှလည်း နွယ်ချိုကို ပုံမှန်အသုံးပြုခြင်းမှလည်း အမြဲတမ်း ဖောရောင်နေခြင်းနဲ့ နာကျင်မှုကို သက်သာစေနိုင်တာကိုတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အထက်ဖော်ပြပါ ရောဂါအမျိုးအစားများက အရေးကြီးပြီး ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေများဖြစ်တာကြောင့် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့သာ ကုသမှု ခံယူသင့်ပြီး နွယ်ချိုစားသုံးခြင်းလိုမျိုး ဆေးမြီးတိုအသုံးပြုခြင်းများကို ဆရာဝန် ခွင့်ပြုချက်ရှိမှသာ အသုံးပြုဖို့ အလေးအနက် သတိပေးလိုပါတယ်။

အသည်းကျန်းမာရေး

ရောဂါ ဝေဒနာများကြောင့်ဖြစ်တဲ့ နာမကျန်းမှုများမပါဝင်တဲ့ လူသားတွေရဲ့ နေ့စဉ်ကျန်းမာရေးကို သဘာဝက ရတဲ့ အစားအသောက်များ ၊ ဆေးဖက်ဝင် အပင်များရဲ့ အာနိသင်များနဲ့ ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းလို့ရပါတယ်။ ဥပမာအားဖြင့် နွယ်ချိုမှာပါဝင်တဲ့ Phytonutrients ဓာတ်ပေါင်းဟာ အသည်းရောဂါကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းမရှိပေမယ့် ရောဂါမရှိတဲ့ အသည်းရဲ့ကျန်းမာရေးကို ကောင်းမွန်နေစေအောင် ကူညီပေးနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ သင့်ရဲ့ အသည်းကျန်းမာနေရင် သူ့မှာ ရောဂါဖြစ်လာဖို့ ရာခိုင်နှုန်းနည်းသွားနိုင်ပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတစ်ခုက နွယ်ချိုမှာ ပါဝင်တဲ့ Phytonutrients များထဲမှာ Glycyrrhizin အမည်ရဓာတ်တစ်မျိုးက အသည်းက အဆိပ်အတောက်တွေကို ဖယ်ထုတ်တဲ့ လုပ်ငန်းမှာ ကောင်းကျိုးပြုပေးနိုင်တာကို တွေ့ရှိခဲ့ရတယ် လို့ သိရပါတယ်။

ခုခံစွမ်းအား

နေ့စဉ် အသက်ရှင်လှုပ်ရှားသွားလာဖို့ အလုံးစုံသောကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းနိုင် သလိုပဲ ရောဂါ ၊ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားကူးစက်မှုတွေကို တိုက်ထုတ်မယ့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ကောင်းမွန်လာအောင်လည်း အစားအသောက်များက စွမ်းဆောင်ပေးနိုင်ပါတယ်။ နွယ်ချိုဟာ Selenium၊ Zinc၊ Magnesium၊ Potassium၊ Iron စတဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ဖွဲ့စည်းထားတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အဆိုပါ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကောင်းမွန်စွာ အလုပ်လုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေဖြစ်ပြီး နွယ်ချိုကဲ့သို့သော အစားအသောက်များမှ သဘာဝ အတိုင်းရရှိတဲ့ သတ္တုဓာတ်များဟာ ခန္ဓာကိုယ်အတွက် အလွန် အထောက်အကူပြုပေးနိုင်ပါတယ်။ နွယ်ချိုပါဝင်တဲ့ လက်ဖက်ရည်ကို ပုံမှန်သောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ခုခံဆဲလ်တွေကို အစွမ်းထက်လာစေနိုင်ပြီး သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ပိုပြီး အားကောင်းလာစေနိုင်တယ်လို့ သိရပါတယ်။သင့်ရဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်နေရင် သာမန် အပယိက ဖျားနာမှုတွေအလွယ်တကူမဖြစ်အောင် ကာကွယ်နိုင်ပြီး ဗိုင်းရပ်စ် ၊ ဘက်တီးရီးယား ၊ အဆိပ်အတောက် ၊ဓာတုဓာတ်ပစ္စည်းများ နဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေ ခန္ဓာကိုယ်ကို တိုက်ခိုက်ကြတဲ့ အခါမှာ ခုခံတိုက်ဖျက်နိုင်စွမ်းလည်း ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ဒါက သင့်ကို ပိုမိုကြီးမားတဲ့ ကျန်းမာရေး ပြဿနာများဆီ မရောက်ခင် ပထမအဆင့်မှာ ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

အသက်ရှုလမ်းကြောင်း

နွယ်ချိုဟာသာမန်အပင်တစ်မျိုးမဟုတ်ဘဲ ဆေးဖက်ဝင်အပင်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဆေးဖက်ဝင် အပင်အမျိုးအစား ဖြစ်တာကြောင့် နွယ်ချိုမှာ သာမန် အာဟာရဓာတ်များ အပြင် ဆေးဖက်ဝင် အာနိသင်တွေပါ ရှိနေပြီး အဆိုပါ အာနိသင်များထဲမှာ အသက်ရှုလမ်းကြောင်းမှာဖြစ်တဲ့ ဝေဒနာများကို သက်သာစေနိုင်တဲ့ အာနိသင်လည်း ပါဝင်နေပါတယ်။ နွယ်ချိုမှာ အဓိကအားဖြင့် ဘက်တီးရီးယားများ အဓိက ခိုအောင်နေထိုင်ကြတဲ့ လေပြွှန်နဲ့ အဆုပ်က ချွဲသလိပ်များကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိနေတာကြောင့် နွယ်ချိုကို သလိပ်ပျော်ဆေးအဖြစ် ရည်ညွှန်းလေ့ရှိကြပါတယ်။ ဒါကြောင့် နွယ်ချိုကိုရေနွေးစိမ်ပြီး သောက်ပေးခြင်းက အသက်ရှုလမ်းကြောင်းတစ်လျှောက်ကို ချဲ့ပေးနိုင်တာကြောင့်  ရင်ကြပ်ပန်းနာဝေဒနာရှင်များမှာအတွက် သင့်တော်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နွယ်ချိုမှာ ချောင်းဆိုးခြင်း၊ အအေးမိခြင်း နှင့် လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

အဆိပ်အတောက်ထုတ်ခြင်း

နွယ်ချိုမှာ အဆိပ်အတောက် ပြေစေနိုင်တဲ့ အာနိသင်ရှိတယ်လို့လည်း သိရပါတယ်။ နွယ်ချိုထဲမှာ တွေ့ရတဲ့ ဓာတ်ပေါင်းတွေဟာ စားသုံးပြီးနောက် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေ ၊ ဓာတုပစ္စည်းတွေ နဲ့ ပိုလျှံနေတဲ့ ဆားတွေကို ခန္ဓာကိုယ်ပြင်ပထုတ်ပစ်ဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါက အသည်းအပြင် ခန္ဓာကိုယ်ရဲ့ အလုံးစုံသော ကျန်းမာရေးကို ကောင်းမွန်နေစေမယ့် သက်ရောက်မှုရှိစေပါယ်။ နွယ်ချိုကို ရေနွေးနဲ့စိမ်ပြီး သောက်တာမျိုးဖြစ်စေ ၊ နွယ်ချိုနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်များကို စားခြင်းမှ ဖြစ်စေအဆိုပါ အကျိုးအာနိသင်ကို ရရှိနိုင်ပြီး သဘာဝ အတိုင်း Detox လုပ်တာမျိုးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးလည်း ကင်းတယ်လို့ ယူဆနိုင်ပါတယ်။

အ၀လွန်ခြင်း

နွယ်ချိုမှာ Flavonoid ပမာဏမြင့်မြင့်မားမား ပါဝင်နေတာကြောင့် အ၀လွန်ခြင်းကို ကာကွယ်ရာမှာ အထူးအထောက်အကူ ပြုနိုင်တဲ့ အာနိသင်ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ လေ့လာမှုတွေ ပြုလုပ်ပြီးနောက် နွယ်ချိုမှာ ပါဝင်တဲ့ Flavonoid အဆီက အ၀လွန်ခြင်းကို တားဆီးပေးတဲ့ လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်နိုင်ပြီး Triglyceride အမျိုးအစားအဆီတွေ ခန္ဓာကိုယ်ထဲမှာ ရှိနေခြင်းကို လျော့ကျစေနိုင်တယ်လို့လည်း သိရပါတယ်။ သွေးထဲမှာ အဆိုပါ အဆီအမျိုးအစား ပမာဏမြင့်မားလာတာနဲ့အမျှ လေဖြတ်နိုင်ခြေလည်း မြင့်မားလာနိုင်တာကြောင့် Triglyceride  ကို ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီအမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နွယ်ချိုမှာပါဝင်တဲ့ အ၀လွန်ခြင်းကို ဟန့်တားပေးတဲ့အခါမှာ ၀မ်းဗိုက်မှာ အဆီတွေ စုခြင်းကို သိသိသာသာ တားဆီးပေးနိုင်စွမ်းရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ပညာရှင်တွေဆိုထားပါတယ်။
Ref; Amazing Health Benefits of Licorice Root