ဒူးရင်းသီးမှာ အာဟာရဓာတ်တွေ ပါပါသလား

အရှေ့တောင် အာရှမှာ၊ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးဖြစ်ထွန်းပြီး အသီးတွေရဲ့ ဘုရင်လို့ တင်စားခြင်းခံရတဲ့ ဒူးရင်းသီးဟာ စူးရှပြင်းထန်တဲ့ ရနံ့မျိုးရှိတဲ့ အသီးတစ်မျိုးပါ။ ဒီလို ပြင်းထန်တဲ့ ရနံ့ကြောင့်ပဲ ဒူးရင်းသီးကို အလွန်နှစ်သက်ကြသူတွေရှိသလို အဆိုပါ ရနံ့ကြောင့်ပဲ ဒူးရင်းသီးဆို အသံပင်မကြားချင်အောင်ဖြစ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလို ချစ်သူ၊ မုန်းသူများတဲ့ဒူးရင်းသီးကို အသီးတွေရဲ့ ဘုရင်လို့ တင်စားပြီး ဈေးကြီးပေးပြီး ဝယ်စားကြရတာ သူရဲ့ အနံ့ကြောင့်ပဲလား။  လေ့လာမှုတွေ ပြုလုပ်ပြီးနောက်မှာ တော့ ဒူးရင်းသီးမှာ ကျန်းမာရေး အကျိုးပြု အာဟာရဓာတ်တော်တော်များများ ဖွဲ့စည်းပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။ 

ကာဗိုဟိုက်ဒြိတ်
ဒူးရင်းသီး တစ်မွှာမှာ ပါဝင်နေတဲ့ ကာဗိုဟိုက်ဒြိတ် ပမာဏကို သိရင် သင်အံ့အားသင့်သွားနိုင်ပါတယ်။ ၂၄၃ ဂရမ်ခန့်ပါဝင်ပြီး ဒီပမာဏက လူတစ်ဦးနေ့စဉ်လိုအပ်တဲ့ ကာဗိုဟိုက်ဒြိတ် ပမာဏရဲ့ ၂ဝ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျဆင်းဖို့  ကြိုးစားနေတဲ့ သူများနဲ့ ၊ ကိုယ်အလေး ချိန် မတက်အောင်ထိန်းနေသူများအတွက်တော့ သူတို့ရဲ့ နေ့စဉ် စားသုံးမှုတွေမှာ ကာဗိုဟိုက်ဒြိတ်ကို နည်းနိုင်သမျှနည်းအောင် ရှောင်ပြီး စားသောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့  အားကစားသမားတွေနဲ့ စွမ်းအင်များများ ထုတ်သုံးရတဲ့သူများအတွက်တော့ ကာဗိုဟိုက်ဒြိတ် ပါဝင်တဲ့ အစားအစာများကို မပါမဖြစ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒူးရင်းသီး ၅ မွှာခန့် စားသုံးပေးရင်ကို သင့်ရဲ့ တစ်နေ့တာအတွက် လုံလောက်ပြီဖြစ်တဲ့ ကာဗိုဟိုက်ဒြိတ် ပမာဏကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။ 

အမျှင်ဓာတ်
ဒူးရင်းသီးရဲ့ ထင်ရှားတဲ့ အာဟာရတန်ဖိုး နောက်တစ်ခုကတော့ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းပဲ ဖြစ်ပါတယ်။ ဒူးရင်းသီး အမွှာခပ်ကြီးကြီးတစ်ခုမှာ အမျှင်ဓာတ် ၉  ဂရမ်ခန့်ပါဝင်ပြီး သင့်ရဲ့တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ပမာဏရဲ့ ၃၇ % ခန့်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒီပမာဏက အခြား အသီးတော်တော်များများ မယှဉ်နိုင်တဲ့ ပမာဏလို့တောင် ဆိုနိုင်ပါတယ်။ 

အဆီဓာတ်နဲ့ ကယ်လိုရီ
ဒူးရင်းသီးက အသီးတွေထဲမှာတော့ အဆီဓာတ်နဲ့ ကယ်လိုရီ အတော်မြင့်မြင့်မားမား ပါဝင်တဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် ကိုယ်အလေးချိန်တက်မှာ စိုးရိမ်သူတွေအတွက်တော့ ဒူးရင်းသီးစားမယ်ဆိုတဲ့အခါ အနည်းငယ်ပြန်စဉ်းစားဖို့ လိုအပ်လာပါလိမ့်မယ်။ သာမန်အရွယ်အစား ဒူးရင်းသီးတစ်မွှာမှာ ၃၅ဝ ကယ်လိုရီ နဲ့ အဆီ ၁၃ ဂရမ်ပါဝင်နေပါတယ်။ ဒါပေမဲ့ အသီးတွေမှာပါဝင်တဲ့ အဆီအမျိုးအစား အများစုဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အဆီဓာတ်အမျိုးအစားမျိုးဖြစ်လေ့
ရှိတတ်ပြီး ဒူးရင်းသီးမှာပါဝင်တဲ့ အဆီဓာတ်ကလည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အဆီဓာတ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သတိပေးပါရစေ၊ ကယ်လိုရီနဲ့  အဆီဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ပမာဏများများနဲ့ မကြာခဏ စားသုံးမယ်ဆိုရင် သင့်ကို ကိုယ်အလေးချိန် သိသိသာသာ တက်လာ စေပါလိမ့်မယ်။ 

ဗီတာမင် C
အရသာ ချဉ်တဲ့ အသီးတွေမှာပဲ ဗီတာမင် C ပါတယ်လို့ သင်ထင်ရင် မှားသွားနိုင်ပါတယ်။ ဒူးရင်းသီးလို အဆီဓာတ်၊ ကယ်လိုရီ နဲ့ ကာဗိုဟိုက် ဒြိတ်ပါဝင်မှု မြင့်မားတဲ့ အသီးမျိုးမှာလည်း ဗီတာမင် C ပါဝင်တယ်ဆိုရင် သင် အံ့အားသင့်သွားနိုင်ပါတယ်။ ဗီတာမင် C ဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေနိုင်တာကြောင့် သာမန် အပယိက ဖျားနာမှုလေးတွေကို ကာကွယ်ပေးနိုင်သလို အနာကျက်မြန်စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ ကိုလက်စထရောကို ကျဆင်းစေသလိုသွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် C ရဲ့ ကျန်းမာရေး အကျိုးပြု အာနိသင်များစွာရှိပြီး ဒီလို ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင် C က ဒူးရင်းသီးမှာ ကြွယ်ကြွယ်ဝဝကို ပါဝင်နေပါတယ်။ ဒါကြောင့်လည်း ဒူးရင်းသီးက အာဟာရ တန်ဖိုးမြင့်မားတဲ့ အသီးတစ်မျိုးအဖြစ် သတ်မှတ်ခြင်း ခံရတာဖြစ်ပါတယ်။

ဗီတာမင် B 
ဗီတာမင် B က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ဖို့အတွက် အလွန်အကျိုးပြုတဲ့ ဗီတာမင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဗီတာမင် B က ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တဲ့ Free Radical တွေကို ရှင်းထုတ်ပေးနိုင်ပြီး နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ အာနိသင်ရှိတဲ့ ဗီတာမင် တစ်မျိုးပါ။ ဒ့ါအပြင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ Good Cholesterol လို့ လူသိများတဲ့ HDL Cholesrerol အမျိုးအစားကို မြှင့်တက်လာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်တဲ့ Serotonin ဟော်မုန်းထုတ်လုပ်မှုကိုလည်း တိုးတက်စေနိုင်ပါသေးတယ်။ ဒီလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် B ဓာတ်လည်း ဒူးရင်းသီးမှာ အနည်းငယ် ဖွဲ့စည်းပါဝင်နေပါတယ်။

သတ္တုဓာတ်များ 
ဒူးရင်းသီးဟာ ဗီတာမင်တွေအပြင် သတ္တုဓာတ် အတော်များများလည်း ဖွဲ့စည်းပါဝင်နေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။  Iron ၊ Copper ၊ Manganese  နဲ့ Potassium တို့က ဒူးရင်းသီးမှာ အဓိက ပါဝင်တဲ့ သတ္တုဓာတ်များဖြစ်ပြီး ခန္ဓာကိုယ်
ရဲ့ အဓိက လုပ်ငန်းဆောင်တာများ ပုံမှန်နဲ့ ကျန်းကျန်းမာမာ အလုပ်လုပ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်များလို့တောင် ဆိုနိုင်ပါတယ်။ Iron နဲ့  Copper ကို ခန္ဓာကိုယ်က သွေးနီဥဆဲလ်များ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်ပြီး  Manganese ကိုတော့ အရိုးနဲ့ အရေပြားတွေ ကျန်းမာဖို့ လိုအပ်ပါတယ်။ Potassium က သွေးတွင်းဖိအားကို ထိန်းညှိပေးနိုင်ပြီး နှလုံးခုန်နှုန်းကို ပုံမှန်အနေအထားတွင်း ရှိနေအောင်ထိန်းထားပေးနိုင်တဲ့ သတ္တုဓာတ် ဂုဏ်သတ္တိရှိတဲ့ အီလက်ထရိုလိုက်တစ်မျိုးလည်း ဖြစ်ပါတယ်။

Tryptophan
သဘာဝ အိပ်ဆေးတစ်မျိုးလို့ လူသိများတဲ့ Tryptophan က သာမန်အားဖြင့် အသီးတော်တော်များများမှာ ပါဝင်လေ့မရှိပါဘူး။ Tryptophan ပါဝင်တဲ့ နောက်ထပ် အစားအစာတစ်မျိုးကတော့ ကြက်ဆင်သားဖြစ်တယ်လို့ သိရပါတယ်။

Tryptophan အမည်ရ ဓာတုပစ္စည်း 
တစ်မျိုးက အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်စေတဲ့အာရုံကြောဆိုင်ရာ သတင်းအချက်အလက် ထုတ်လွှင့်မှုတွေကို ဖြစ်ပေါ်စေပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားပြီးနောက် အိပ်ငိုက်သလိုမျိုး ခံစားရခြင်း ဖြစ်ပါတယ်။ ညနေပိုင်းမှာ စားမယ်ဆိုရင်တော့ သင့် ကို ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါလိမ့်မယ်။

Ref;Durian Is The Smelliest Yet One Of The Most Nutritious Fruits In The World