ကြည်ဖြူအောင်နဲ့ သူ့ဝါသနာ

Photo – Ko Naing (PPL)
ကြည်ဖြူအောင်က သူရဲ့ အားလပ်ချိန်တွေမှာ သူ့ရဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့ အပန်းဖြေမှုလေးတွေကို ဘယ်လိုအချိန်ပေးဖြစ်လဲ ဆိုတာကို ဖော်ပြပေးထားပါတယ်။
 

Gym စ ကစားဖြစ်တာက

၁၇ နှစ်လောက်က စဆော့တာ။ ၈နှစ်လောက်ရှိပြီ။ အရင်တုန်းကလည်း အခုလိုမျိုး Gym ဆော့တာ မကျယ်ပြန့်သေးဘူး။ Gym ကောင်းကောင်းလည်း အများကြီး မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆော့ခဲ့တဲ့နေရာက အရင်တုန်းက မောင်ဗမာဦးစိန်မောင်ဆိုတာရှိတယ်။ သူက အဲ့တုန်းကတောင် အသက် ၈၀လောက်ဆိုတော့ အခုဆို အသက် ၉၀ လောက်ရှိနေပြီ။ အဲ့အဘရဲ့ Gym မှာဆော့တယ်။ Gym က ကျောက်တုံးတွေနဲ့ အလေးပြားတွေနဲ့ သံချောင်းတွေနဲ့ မြေကြီးပေါ်မှာ ဆော့ရတာ။ အဲ့ကတည်းက စဆော့ဖြစ်တာပေါ့။ သက်လုံကောင်းလာတယ်။ အဝတ်အစားတွေ ဝတ်ရင်လည်း Confident ရှိလာတယ်။ ကိုယ်ခံအားတွေလည်း တက်လာတယ်။
 

အားလပ်ချိန်တွေမှာ

ဂစ်တာတီးတယ်။ ရုပ်ရှင်ကြည့်တယ်။ ဂိမ်းဆော့တယ်။ စာအုပ်ဖတ်တာ ဝါသနာပါတယ်။ စာဖတ်တယ်။ ဆရာချစ်ဦးညိုကတော့ ကျွန်တော့ရဲ့ အကြိုက်ဆုံး စာရေးဆရာပေါ့။ Gym ဆော့တယ်ပေါ့။ တခြားအားကစားအနေနဲ့က ဘောလုံးလည်း ကန်ပါတယ်။ စာကတော့ အားရင်အားသလိုဖတ်ဖြစ်တယ်။ ဖုန်းအမြဲတမ်းကြည့်နေတာထက်စာရင် စာဖတ်ပိုအကျိုးရှိတယ်လို့ ခံစားရတယ်။ ဆရာချစ်ဦးညိုစာအုပ်တွေ ဖတ်ဖြစ်တယ်။ ဆရာဗန်းမော်သိန်းဖေရဲ့ မျှဝေလိုသောအတွေးများ ဆိုတဲ့စာအုပ်လေး ……..သူကတော့ စိတ်ခွန်အားပေးတဲ့ စာအုပ်လေးပါပေါ့။ အဲ့လိုမျိုးလေးတွေ ဖတ်ဖြစ်တယ်။ ဆရာချစ်ဦးညို စာအုပ်တွေကိုက ဟိုအရင်ကတည်းက ဖတ်ဖြစ်တာက ရတနာဂီရိအကျဉ်းသားတို့  အဆိပ်နဲ့ ကမ္ဘာတစ်သိန်းတို့ကတည်းက ကျွန်တော်ဖတ်ဖြစ်တာ။ အကြိုက်ဆုံးစာအုပ်ကတော့ အလင်္ကာဒီပ ချစ်သူပေါ့။ စဖတ်ဖြစ်တာကတော့ ၁၀ တန်းပြီးတဲ့အချိန်လောက်ကပေါ့။
 

စာဖတ်ခြင်းကြောင့်

ဆရာချစ်ဦးညိုစာအုပ်တွေဖတ်ဖြစ်တာကတော့ ရာဇဝင်ထဲကို ရောက်သွားတာပေါ့။ မျက်စိထဲမှာ ရေးထားတဲ့အတိုင်း ကွင်းကွင်းကွက်ကွက်တွေပေါ်လာပြီးတော့ ကိုယ်ပါအဲ့ထဲက ဇာတ်ကောင်နေရာတွေ ဖြစ်သွားတာပေါ့။ သူကတော့ ရသတွေရတာပေါ့နော်။ ဆရာဗန်းမော်သိန်းဖေစာအုပ်တွေ ဖတ်ဖြစ်တာကျတော့ စိတ်ခွန်အားပေးတဲ့ စာအုပ်တွေဆိုတော့ စိတ်ဓာတ်ကျနေတာတွေ ခွန်အားရတယ်ပေါ့။ မျှဝေလိုသောအတွေးများ ဆိုပြီးတော့ ခွန်အားရတဲ့ စာလေးတွေ စုထားတာပေါ့။
 

မိသားစုနဲ့အတူ

ကျွန်တော်တို့ မိသားစုစီးပွားရေးလေး လုပ်တာဆိုတော့ အဖေနဲ့ကတော့ အလုပ်ကလည်း တူတူလုပ်တော့ ရုံးချိန်တွေ အမြဲတမ်းရှိတယ်။ အဖေ့ဆီကလည်း သင်ယူစရာတွေအများကြီး လေ့လာစရာတွေအများကြီး အဖေက အမြဲတမ်းသွန်သင်ဆုံးမတဲ့အတွက် ဗဟုသုတရစေမယ့်အကြောင်းအရာတွေ အမြဲပြောဖြစ်တာပေါ့။ အမေနဲ့ကျတော့ အိမ်မှာ ပျော်ပျော်ပါးပါး အကိုမိသားစုရယ် အမေရယ် ကျွန်တော်ရယ် မုန့်ဆိုင်သွားစားတာတို့ သီချင်းသွားဆိုတာမျိုးတို့ လုပ်ဖြစ်တယ်။