ဝါးဒီးဟင်းလျာ

Photo - Super

Eating in Style ပရိသတ်များ မြိုင်မြိုင်ဆိုင်ဆိုင် သုံးဆောင်နိုင်ဖို့အတွက် ကြက်ဝက်ငါးပုစွန်ဟင်းလျာအမယ်စုံကို စီစဉ်လာခဲ့ပါတယ်။

ချက်ပြုတ်ကြော်လှော်ပေးကြတဲ့ စားဖိုမှူးတွေကတော့ အမှတ် - ၈၁/ခ၊ သမိန်ဗရမ်းလမ်း၊ တာမွေပလာဇာအနီးမှာ ဖွင့်လှစ်ထားတဲ့ ၀ါးဒီးဟော့ပေါ့စားဂျောဆိုင်ကဖြစ်ပါတယ်။

ဟော့ပေါ့အပြင် ထိုင်း၊ တရုတ်၊ ကချင်အစရှိတဲ့ အစားအစာတွေကိုပါ ကိုယ်ပိုင်စတိုင်လ် အရသာနဲ့ ဖန်တီးရောင်း ချလျက်ရှိတဲ့ ၀ါးဒီးဟင်းလျာများစွာထဲက စာမျက်နှာထက် တင်ဆက်ဖို့ ရွေးချယ်လာခဲ့တာကတော့...

ပုစွန်ရွှေလက်ကော်ကြော်    

သာမန်ပုစွန်ကြော်တွေထက် ထူးကဲပြီး မုန့်လက်ကောက်ပုံစံ အကွင်းကြီးတွေ ကြော်ထားတဲ့ ပုစွန်ရွှေလက် ကောက်ကြော်ကတော့ ထိုင်း စတိုင်လ် အစားအစာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း
ပုစွန်မြီးနီ                         - ၁၅ ကျပ်သား

ထိုင်းမုန့်နှစ်မှုန့်                  - ဟင်းခပ်ဇွန်း ၃ ဇွန်း

ကြက်ဥ                           - တစ်ဝက် (အကာသုံး)

ဟင်းခပ်မှုန့်၊ ဆား              - သင့်ရုံ

မုန့်ကြွပ်စ                        - အနည်းငယ်

ပြုလုပ်နည်း

ပုစွန်ကို အခွံချွတ်သန့်စင် စင်းကောလုပ်ပြီး မုန့်နှစ်မှုန့်၊ ကြက်ဥအကာရည်၊ အရသာများနဲ့ နှံ့အောင်နယ်ကာ မုန့် လက်ကောက် သဖွယ်ကွင်းပြီး ဆီပူမှာ ကြွပ်ရွအောင် ကြော်ထားတာ ဖြစ်ပါတယ်။

ဝါးဒီးငါးမီးအုံး

ကက္ကတစ်ကို ဟင်းခတ်အမွှေးအကြိုင်များ နဲ့မံပြီး ခဲပတ်အုပ်ကာမီးအုံးထားတဲ့ပုံစံ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း
ကက္ကတစ်                        - ၃၀ သားခန့် ၁ ကောင်

ရှမ်းနံနံ                           - ၁ စည်း (နုပ်နုပ်စင်း)

ပင်စိမ်း                           - ၁ စည်း (နုပ်နုပ်စင်း)

မျှစ်ချဉ်                           - အနည်းငယ် (နုပ်နုပ်စင်း)

ငရုတ်သီးစိမ်း                   - ၅ ကျပ်သားခန့်

ဟင်းခပ်မှုန့်                      - ဇွန်းသေး ၁ ဇွန်း

ငံပြာရည်                         - ဇွန်းသေး ၁ ဇွန်း

ခရုဆီ                             - ဟင်းခပ်မှုန့် ၁ ဇွန်း

တုန်ယမ်းအနှစ်                 - ဟင်းခပ်မှုန့် ၁ ဇွန်း

ပြုလုပ်နည်း

ငါးကို ကြေးထိုးဗိုက်ခွဲသန့်စင်ပြီး အရသာနယ်ကာ ကျက်ရုံကြော်ပါတယ်။ ရှမ်းနံနံ၊ ပင်စိမ်း နဲ့မျှစ်ချဉ် နုပ်နုပ်စင်းကို အရသာထည့်ကာ ရောမွှေနယ်ပြီး ငါးကိုမံလိုက်ပါတယ်။ အဲဒီနောက် ခဲပတ်လုံအောင်ပတ်ပြီး ၅ မိနစ်ခန့် မီးအုံးပေးထား တာ ဖြစ်ပါတယ်။

ကြက်ကြွပ်သံပုရာချို
    ကြက်ကြွပ်သံပုရာချိုရဲ့ ထူးခြားချက်ကတော့ ကြက်ကြော်ရဲ့ချိုတဲ့အရသာ၊ သံပုရာရဲ့ ချဉ်မွှေးအရသာနဲ့ မရိုးနိစ်ရဲ့ ဆိမ့်တဲ့ အရသာကို ပေါင်းစပ်ခံစားမိစေမှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်ရင်ပုံသား                 - ၁၅ ကျပ်သားခန့်

ကြက်ဥ                           - ၁ လုံး (အကာသုံး)

တန်ပူရာမှုန့်                     - ဟင်းခပ်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်း                   - အနည်းငယ်

ဟင်းခပ်မှုန့်                      - သင့်ရုံ

သကြား၊ ဆား                  - သင့်ရုံ

မုန့်ကြွပ်စ                        - သင့်ရုံ

ပြုလုပ်နည်း

ကြက်သားကို အလွှာလိုက်ဖြစ်အောင် အပြား (၂)ပြားလှီးပြီး ကြက်သားပြားများကို ကြက်ဥအကာရည်၊ တန်ပူရာ မှုန့်နဲ့ အရသာများထည့်နယ်ကာ (၈)မိနစ်ခန့်နှပ်ထားပါတယ်။ အဲဒီနောက် မုန့်ကြွပ်စကပ်ကာ ဆီပူမှာ ကြွပ်ရွလာအောင် ကြော်ပြီးမှ စိတ်ကြိုက်ပုံစံလှီးဖြတ်ထားတာ ဖြစ်ပါတယ်။ ၀ါးဒီးမှာတော့ ကြက်ကြွပ်ကြော်အောက်မှာ ကိုက်လန်အကြွပ် ကြော်ကိုခင်းပြီး အပေါ်ယံက  သံပုရာစိတ်လေးများနဲ့ မရိုးနိစ်ဆမ်းကာ အလှဆင်ထားတာ တွေ့ရပါတယ်။

မျှင်စွယ်ဟင်းလျာ

လှပရှည်သွယ်စွာ လှီးဖြတ်ထားတဲ့ ဟင်းသီးဟင်းရွက်များနဲ့ ၀က်သားကိုရောပြီး ခရုဆီ ပန်းအရက်တို့နဲ့ စားချင်စ ဖွယ် မွှေးကြိုင်စွာကြော် ချက်ထားတဲ့ မျှင်စွယ်ဟင်းလျာကလည်း ထိုင်းအစားအစာပဲဖြစ်ပါတယ်။ ကြက်၊ ၀က်၊ ပင်လယ် စာနှစ်သက်ရာနဲ့ သုံးဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

ဝက်သား                         - ၇ ကျပ်သားခန့်

ပန်းငရုတ်ပွအနီ                - ၁ လုံး

ပန်းငရုတ်ပွအစိမ်း             - ၁လုံး

ပြောင်းဖူးလေး                  - ၅ ခု

ငရုတ်ပွအရှည်တောင့်         - ၃ တောင့်

ကော်ရည်                        - ဟင်းခပ်ဇွန်း ၂ ဇွန်း

ပန်းအရက်                      - ဟင်းခပ်ဇွန်း ၂ ဇွန်း

ဟင်းခပ်မှုန့်၊ သကြား          - သင့်ရုံ

ခရုဆီ၊ ငံပြာရည်               - သင့်ရုံ

ပြုလုပ်နည်း

အသားနဲ့ပါဝင်တဲ့ ဟင်းသီးများအားလုံးကို လှပသပ်ရပ်တဲ့ အမျှင်ရှည်လေးတွေလှီးပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေး ထဲမှာ ခေတ္တမျှစီ ရေနွေးဖျောကာ အနည်းငယ်ပျော့ပျောင်းလာတဲ့အခါ ဆယ်ယူရေစစ်ထားပါတယ်။ အဲဒီနောက် အိုးမကပ်ရုံ ဆီအနည်းငယ်နဲ့ကြော်ပြီး အရသာများ အားလုံးထည့်ကာ ကြက်ပြုတ်ရည်အနည်းငယ်ကိုပါ ထည့်ပေးပါတယ်။ အရည်ပျစ် လာပြီး ဟင်းလျာရနံ့ မွှေး ပျံ့လာတဲ့အခါ ကော်ဆွဲပြီး မီးဖိုကချနိုင်ပါပြီ။