16th Anniversary Miss People Memo

၂၀၀၆ -၂၀၁၃ ခုနှစ်အတွင်း People မဂ္ဂဇင်းမှ ကြီးမှူးကျင်းပခဲ့သော Miss People Style Competition ပြိုင်ပွဲများတွင် Fashion Designer ဆုကို ရရှိခဲ့ကြပြီး ယနေ့ထက်တိုင် ဖက်ရှင်ရပ်ဝန်း၌ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်လျက်ရှိကြသည့် Fashion Designer များအား People (၁၆)နှစ် ပြည့်နှစ်ပတ်လည် အမှတ်တရအဖြစ် ဂုဏ်ပြုတင်ဆက်လိုက်ပါသည်။

ဒီဇိုင်နာ သွင်စုထွေး
Miss People 2006 ပြိုင်ပွဲမှာ အေးမြတ် သူအတွက် ၀တ်စုံချုပ်ပေးပြီး ကိုယ့်ရဲ့ပထမဦးဆုံး ပြိုင်ပွဲအနေနဲ့ ၀င်ပြိုင်ခဲ့တာပါ။ ကိုယ်က ကျောင်း တက်လာတော့ ဒီပညာကို ပြသခွင့်က  Miss People မှာ ပထမဆုံးရခဲ့တယ်။ Best Designer ပထမဆုကိုလည်း  ရခဲ့ပါတယ်။ ၂၀၀၆ မှာ ဆုရတုန်းကတော့ ပျော်တာတစ်ခုပဲရှိခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ခု ကြာလာတဲ့အခါ ဒီ ဒီဇိုင်နာလောကထဲမှာ ခိုင်ခိုင်မာမာရပ်တည်လာခွင့်ရှိတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ ကိုယ်က အနုပညာလောကနဲ့လည်း အဆက်အစပ်မရှိသူဆိုတော့ ဒီပွဲက အများကြီးအတွေ့အကြုံတွေပေးတယ်။ အနုပညာလောက ဖက်ရှင်လောကထဲကို စရောက်လာခဲ့ပြီး အလုပ်တွေဆက်တိုက်လုပ်သွားတယ်ဆိုတော့ ပြိုင်ပွဲတွေပြိုင်တာက ပထမတော့ ပျော်ရွှင်မှုတစ်ခုပဲပေါ့။ နောက်ပိုင်းကျတော့ နားလည်သွားတာက ကိုယ့် Career တစ်ခုကိုလည်း ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။

ကိုယ်က Casual Wear ကို အားသန်တဲ့အတွက် ပြိုင်ပွဲမှာတုန်းကလည်း စိတ်ကြိုက်ဝတ်စုံမှာ ဘောင်းဘီနဲ့ တစ်စုံဖန်တီးခဲ့ပြီး ညနေခင်းဝတ်စုံ ကိုတော့ စီးကွင့်လေးတွေနဲ့ ဖန်တီးဖြစ်ခဲ့တယ်။ အဲဒါလေးကို စဉ်းစားပြီး အခု People ၁၆ နှစ်ပြည့်မှာလည်း ဘောင်းဘီနဲ့ အင်္ကျီမှာ စီးကွင့်လေးတွေ ပေါင်းစပ်ပြီး အမှတ်တရဖြစ်အောင် ဖန်တီးခဲ့တာပါ။ အခုလက်ရှိမှာဆိုရင်လည်းCasual Wear လေးတွေကိုပဲ Ready to Wear တွေထုတ်သွားဖို့ရှိတော့ အခု မိုရိန်းဝတ်ထားသလို ဘောင်းဘီလေးတွေ ကုတ်မကျ ဘလောက်စ်မကျ အင်္ကျီလေးတွေလည်း ပါမှာဆိုတော့ ကြိုက်နှစ်သက်တယ်ဆို အားပေးလို့ရပါတယ်လို့ ပြောချင်ပါတယ်ရှင်။

 

Model - Morain Lu San
Designer - Thwin Su Thwe
Makeup & Hair - Ah Naw La Mu
Decoration - Lady Rose
Photo & Retouch - Thardu Ko Ko

ဒီဇိုင်နာဂျိုကာ
Miss People 2006 ပြိုင်ပွဲက စပြီး ဒီဇိုင်နာလောကကို ရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲမှာ ကိုယ့်ဝတ်စုံကို ပြိုင်ချင်တော့ မော်ဒယ်လ်ကို ဆင်ပေးရမယ်ပေါ့နော်။ ကိုယ့်မှာလည်း မော်ဒယ်လ်အဆက်အသွယ်က မရှိတော့ ကိုယ်ဝတ်စုံ ကိုယ်တိုင်ဝတ်ပြီးပဲ တက်လျှောက်ခဲ့တာ အမှတ်တရအနေနဲ့ Miss Charming နဲ့ People's Choice Award နှစ်ဆုကို ရခဲ့ပါတယ်။  အဲဒီ့မတိုင်ခင်မှာ ဂျိုကာက အပ်ထည်တွေ လက်ခံပြီးတော့ချုပ်တယ်။

အဲဒီအချိန်တုန်းက ဒီဇိုင်နာဆိုတာ သိပ်ခေတ်မစားသေးဘူး။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ခေတ်စားလာတော့ နိုင်ငံခြားကလာသင်တဲ့ သင်တန်းတွေတက်ပြီး တစ်နှစ်ထက်တစ်နှစ် ကိုယ့်ကိုယ်ကို ပိုတိုးတက်လာအောင် ကြိုးစားလာခဲ့ပါတယ်။

လတ်တလောမှာ ဂျိုကာ့အနေနဲ့  အနုပညာရှင်ထဲမှာ ခင်ဝင့်ဝါကိုချုပ်ပေးဖြစ်တယ်။ Dancer တွေကို ချုပ်ပေးဖြစ်ပါတယ်။ ကားရိုက်တွေကျတော့ Scene ပေါင်းများစွာအတွက်ချုပ်ဖို့ ၀န်ထမ်းအင်အားမနိုင်လို့ပါ။ ဂျိုကာက အလုပ်ကို စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်း တစ်ထစ်ချင်းလုပ်သွား ရတာကြိုက်တဲ့အတွက် ကိုယ်နိုင်သလောက်ထဲ ကနေ လုပ်သွားမှာပါ။ သင်တန်းအနေနဲ့လည်း One by One ပဲသင်ပေးပါတယ်။ တစ်တန်းကို နှစ်ယောက် သုံးယောက်ပဲ လက်ခံပြီး အကုန်လုံးတတ်သွားတဲ့အထိသင်ပေးပါတယ်။

Model - Yoon Mhi Mhi Kyaw
Designer - Joker
Makeup & Hair - Jessica Han
Decoration - Lady Rose
Photo & Retouch -Thardu Ko Ko

ဒီဇိုင်နာ လဇိန်ဂမ်ထွဲ
Miss People Style Competition ပြိုင်ပွဲမှာ ပွဲလုပ်တဲ့ ဒုတိယမြောက်နှစ်မှာ ဆုရခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာ။ ကြာတော့ ကြာပြီဆိုပေမယ့် အမြဲအမှတ်တရရှိပါတယ်။ People ကိုလေ။ ကျွန်တော်ပြိုင်ခဲ့တုန်းက ကျွန်တော့်ဝတ်စုံကို ဝတ် တာက ဂျာဆန်ဆိုတဲ့ ကချင်မလေး ကချင်မော်ဒယ် အခု သူက အမေရိကားရောက်သွားပြီ။ အင်္ကျီက တော့ Bridal Gown ပုံစံမျိုးလုပ်ထားတာ။ ဒါပေမယ့် ကိုယ်က Show Mood ကို ရချင်တော့ ဘယ် သူမှ မသုံးတဲ့ အမဲရောင်ကို လုပ်လိုက်တယ်။ Bridal Gown အမဲရောင်ကိုလုပ်ခဲ့ပြီး ဆုရခဲ့တာ အမှတ်တရရှိခဲ့ပါတယ်။

ကျွန်တော်က Over Sea ထွက်သွားခဲ့တာဆိုတော့ People နဲ့ သိပ်မဆုံဖြစ်သလို ဖြစ်ခဲ့တာ မနှစ်ကတော့ ဖြူဖြူကျော်သိန်နဲ့ ကာဗာတစ်ကြိမ် ဆုံခဲ့တယ်။ မနှစ်ကလည်း Miss Universe ပွဲနဲ့ တိုက်သွားလို့ People နဲ့ မဆုံလိုက်ရဘူး။ အခု ဝတ်စုံကတော့ Sexy ဖက်လည်း သွားချင်။ အရမ်း ကြီး အတင်းကိုဖော်ထားတာမျိုး မဟုတ်ဘဲနဲ့ Model ရဲ့ Mood ရဲ့ ကိုယ်လုပ်ထားတဲ့ Detail တွေကိုလည်း ဦးစားပေးချင်တာမို့ အပေါ်ပိုင်းကို ငှက်မွှေးတွေနဲ့ ဖုံးပြီးတော့ လုံပေးလိုက်တယ်။ အထပ်ထပ်ပုံစံလေးပေါ့။ အောက်ပိုင်းကတော့ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း Mermaid Cutting လေးနဲ့ Bikini Line လေးပေါ်အောင် ဖန်တီးထားတာပါ။

မော်ဒယ်လ်ကလည်း စိတ်ကြိုက်မော်ဒယ်လ်ကိုရွေးပြီး ချုပ်ခဲ့တာဆိုတော့ ကိုယ့်အင်္ကျီပုံပေါ်တယ်လို့ ခံစားရတယ်။ ဒီနေ့ ရိုက်ရတဲ့ ခံစားချက်ကတော့ ၁၆ နှစ်ပြည့်သွားပြီဆိုပေမယ့် အရင်တုန်းကလိုပဲ နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရတယ်။ People နဲ့ကတော့ အမြဲအဆက်အသွယ်ရှိနေပါတယ်။ ဒီနေ့အတွက် စိတ်တိုင်းကျ ကျေနပ်ပါတယ်။

ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Commerical တွေများများ ရပါစေလို့။ People ကို အမြဲအားပေးနေတဲ့ ပရိသတ်က ရှိနေပါတယ်။ အခုမှသာ ပွဲတွေ အရမ်းများလာတာ။ အစ်ကိုတို့ ခေတ်တုန်းကတော့ People ရဲ့ Miss People ရဲ့ Style Competition ဆိုတာ မြန်မာပြည်မှာ အကြီးဆုံး ပွဲတစ်ပွဲပဲ။ အဲဒီလိုပွဲမှာ ဆုရခဲ့တာဆိုတော့ အရမ်း ဂုဏ်ယူတယ်။ အခုလို (၁၆)နှစ်ပြည့်ပွဲမှာလည်း ကျွန်တော်ကို မမေ့မလျော့တဲ့အတွက် ဂုဏ်ယူတယ် ဝမ်းလည်းသာပါတယ်။


 

Model - Dee
Designer - လဇိန်ဂမ်ထွဲ
Makeup & Hair - Jessica Han
Decoration - Lady Rose
Photo & Retouch - Thardu Ko Ko 

ဒီဇိုင်နာ စည်သူထွန်း
ဖက်ရှင်ဒီဇိုင်နာလောကကို ၂၀၀၆ မှာ စ၀င်ပြီး Miss People 2007 ပြိုင်ပွဲမှာ ဒီဇိုင်နာ နေရာက ၀င်ပြိုင်ခဲ့ပါတယ်။

မော်ဒယ်လ် စိုးပြည့်ပြည့်စံကို ဆင်ပေးတဲ့ ၀တ်စုံနဲ့ Best Designer 2nd Runner Up ဆုကို ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာတော့ မော်ဒယ်လ်နဲ့လိုက်ဖက်မယ့် လမ်းလျှောက်ရင် လှမယ့် Dress design ကိုပဲ အဓိကစဉ်းစားပြီး ဖန်တီးခဲ့တာပါ။ 

ဒီဇိုင်နာအနေနဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် ၀တ်စုံတွေဖန်တီးပေးတဲ့အပြင် Ready to wear ဒီဇိုင်းတွေလည်းဆွဲပါတယ်။

အမှတ်တံဆိပ်တွေကတော့ Yuki နဲ့ OTO ပါ။ ရှေ့ဆက်ပြီးတော့လည်း Ready to wear ဒီဇိုင်းတွေကို ဈေးကွက်မှာ ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။

 

Model - Hnin Htet Htet Wai
Designer - Si Thu Htun
Makeup & Hair - Chriz Lynn
Decoration - Lady Rose
Photo & Retouch -Thardu Ko Ko

ဒီဇိုင်နာ - ဆိုင်းလတ် (Miss People 2008- Best Fashion Designer)
ကျွန်တော်က Miss People 2008 တုန်းက၀င်ပြိုင်ခဲ့တယ်။ အဲဒီမှာ Best Designer ဆုရခဲ့တယ်။ အစိမ်းရောင်ဝတ်စုံလေးပဲ။ ပြိုင်တာက ၀တ်စုံ ၂ စုံနဲ့၊ တစ်ခုက Evening Gown၊ တစ်ခုက ကိုယ့်စိတ်ကြိုက်။ အဲဒီမှာကျောက်စိမ်းရောင်လေးကို ပေါ့ပေါ့ပါးပါး ပုခုံးတစ်ခြမ်းစောင်းလေးနဲ့ ဆံကပ်တိုတိုလေးမှာ ခါးကိုချည်ထားတဲ့ ပုံစံလေးထွင်ခဲ့တယ်။ နောက်တစ်စုံက Evening Gown အဖြူရောင်လေးကို ပန်းပွင့်အကြီးကြီးနဲ့ ထွင်ပြီး ချုပ်ခဲ့ပါတယ်။ 

People နဲ့ ဆိုင်းလတ် လက်တွဲပြီးကဏ္ဍတွေ မှတ်မှတ်ရရရိုက်ဖြစ်ပါတယ်။ အဲဒီထဲကမှတ်မှတ်ရရဆိုရင် တိုင်းရင်းသားဝတ်စုံတွေနဲ့ ထိုင်မသိမ်းတွေ ချုပ်ခဲ့တာလေးတွေက မှတ်မှတ်ရရ ရှိခဲ့ပါတယ်။

ဆိုင်းလတ်က ဒီနှစ်ထဲမှာ အစိမ်းရောင်လေးကို ကြိုက်နေတယ်။ မြစိမ်းရောင်လေးတွေ၊ ကျောက်စိမ်းရောင်လေးတွေ ကြိုက်နေတဲ့အချိန်မှာ People က People Magazine ၁၆ နှစ်ပြည့် အထူးထုတ်အတွက် ရိုက်ဖို့ရှိတယ်၊ Theme က လည်း Emerald Green ဆိုတော့ ဒီဝတ်စုံလေးကို ပိုပြီးတော့ စိတ်နှစ်ပြီး လုပ်ဖြစ်သွားပါတယ်။ ဒီဝတ်စုံလေးကို ရှင်းရှင်းလေးနဲ့ အရောင်တွေ အများကြီးမပါဘူး၊ Creation မှာ ရင်ဘတ်ကိုပဲ ပန်းပွင့်အထပ်ထပ်လေးတွေနဲ့ ကြယ်သီးအကြီးကို အဓိကသုံးပြီး ခန္ဓာကိုယ် Shape လေးပေါ်အောင် ဖန်တီးထားပါတယ်။


Hnin Thway Yu Aung
Designer - Seng Latt
Makeup & Hair - Ah Naw La Mu
Decoration - Square Line
Photo & Retouch - Thardu Ko Ko

ဒီဇိုင်နာ မျိုးမင်းစိုး
အခု People က ၁၆ နှစ်ပြည့်ခဲ့ပြီဆို အစ်ကိုက ၂၀၀၉ မှာ ဆုရခဲ့တာဆိုတော့ People နဲ့ ရင်းနှီးခဲ့တာ အခုဆိုရင် ၁၀ နှစ်နီးပါရှိခဲ့ပြီပေါ့။ People အတွက်ဆိုရင် ဘယ်နေရာရောက်နေ ရောက်အောင်လာပြီး လုပ်ပေးဖြစ်ခဲ့ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးရယ်လို့ ဖြစ်လာတာဟာ People က ရွေးချယ်ပေးခဲ့လို့ ဖြစ်လာတာလို့ ကိုယ့်ကိုယ်ကိုခံယူထားတာကြောင့်ပါ။
အခု ၁၆ နှစ်ပြည့်အတွက် ရိုက်ကြမယ်ဆို တော့ ဒီဇိုင်နာတွေကို ပွဲထုတ်ထားတဲ့အပေါ်မှာ ၀မ်းသာရပါတယ်။ ဒီဇိုင်နာဆိုတာက နောက်ကွယ် ကနေပဲ ဖန်တီးပေးရတာဆိုတော့ အခုလို ကိုယ့်ကိုယ်သေချာပြင်ဆင်ပြီး ရိုက်တော့ ၀မ်းသာရပါ တယ်။ မော်ဒယ်အတွက်ဝတ်စုံကိုတော့ ခပ်ရိုးရိုး ရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံမျိုးဖြစ် အောင် အချိန်တိုအတွင်း ဖန်တီးထားပါတယ်။ တစ်ခါမှမလုပ်ဖူးတဲ့ ကိုယ့်စတိုင်လ်ကို မြင်ရတယ် ထူးခြားတဲ့ ခံစားမှုရပါတယ်။
People မဂ္ဂဇင်း ၁၆ နှစ်ပြည့်ကနေ နှစ် ၁၆၀ အထိ လျှောက်လှမ်းနိုင်ပါစေ။

 


Model - Khay Set Thwin
Designer - Myo Min Soe
Makeup & Hair - Thaw
Decoration - Mommy Kyaw
Photo & Retouch - Thardu Ko Ko


ဒီဇိုင်နာ ချစ်မိုးဖြူ
Miss People 2012 ပြိုင်ပွဲမှာ ၀င်ပြိုင်ပြီး ဒီဇိုင်နာလောကကို စတင်ဝင်ရောက်လာခဲ့တာပါ။ ပြိုင်ပွဲမှာ မော်ဒယ်လ် Emerald Nyein ကို ဆင်ပေးတဲ့ ၀တ်စုံနဲ့ The Best Designer ဆုကို ရရှိခဲ့ပါတယ်။ ဒီဇိုင်နာသက်တမ်း ၆ နှစ်အတွင်းမှာ အရမ်းကြိုးစားခဲ့ရတာကတော့ ကိုယ်က နယ်ကလာ တာလည်းဖြစ်တယ်။ မိဘဆွေမျိုးတွေကြားမှာ ဒီဇိုင်နာဆိုတာလည်း ကြားတောင် မကြားဖူးခဲ့တာဆိုတော့ သူများ ၁၀၀ ဆိုရင် ကိုယ့်ကိုယ်ကိုထင်တာ ၁၀၀ ကျော်လောက် ကြိုးစားမှ ဒီလောက်အနေအထားကို ရခဲ့တာပေါ့နော်။ အရမ်းခက်ခဲလားဆိုတော့လည်း ကိုယ်ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်ခဲ့တဲ့အတွက် ကြိုးစားခဲ့ပါတယ်။ အခုလက်ရှိမှာ သရုပ်ဆောင် မြတ်သူသူဇင်၊ ဂုဏ်ရည် အေးကျော်၊ ထွန်းပုလဲရတနာစတဲ့ အနုပညာရှင် တွေအတွက် ချုပ်ပေးဖြစ်နေပါတယ်။

ချစ်မိုးဖြူက သင်တန်းလည်း ပြန်ပေးနေတာဖြစ်တဲ့အတွက် ရည်မှန်းထားတာကတော့ Design School ဖွင့်နိုင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့အထိ ကြိုးစားသွားပြီး အဲ့ဒီက ပေါ်ထွက်လာမယ့် လူငယ်တိုင်းကိုလည်း  အလုပ်အကိုင်ကောင်း ကောင်းပြန်ပေးနိုင်ရမယ်လို့ စိတ်ကူးထားပါတယ်။


Model - Htun Pearl Yadanar
Designer - Chit Moe Phyu 
Makeup & Hair - Omega Mee Mee
Decoration - Lady Rose
Photo & Retouch - Thardu Ko Ko


ဒီဇိုင်နာ - ဇင်မိုးကျော်
PEOPLE ပွဲမှာ ၂၀၁၂ တုန်းက ပြိုင်ခဲ့တယ် 1st Runner Up ဆုကိုရခဲ့ပါတယ်။ ပထမဆုံးပြိုင်ပွဲအတွေ့အကြုံဆိုတော့ ပျော်ခဲ့ရတယ်။ ပထမဆုံးပွဲမှာပဲ ဆုလည်းရခဲ့တယ်ဆိုတော့ တကယ့်အမှတ်တရပါ။ သူငယ်ချင်တွေလည်း အများကြီးရခဲ့တယ်။ အတွေ့အကြုံတွေလည်း အများကြီး ရခဲ့ပါတယ်။

အဓိက မေသော်ကို ဖန်တီးဖြစ်တဲ့ ၀တ်စုံပုံစံလေးကတော့ ၁၆ နှစ်ပြည့်ရဲ့ ကာလာ Emeral Green ကာလာလေးကို လုပ်ထားပါတယ်။ မေသော်ရဲ့ ကိုယ်လုံးခပ်ရှင်းရှင်လေးပေါ်အောင်ပဲ ဖန်တီးထားပါတယ်။ People ဆိုတာက ကိုယ်နဲ့လည်း မစိမ်းတဲ့ သူတွေဆိုတော့ ရိုက်ရတာလည်း သက်တောင့်သက်သာပဲ ၀တ်စုံလေးကိုလည်း စိတ်တိုင်းကျတယ်။

ဒီဇိုင်နာ အဖြစ်ပဲဆက်လက်ရပ်တည်နေပြီးတော့ ပွဲတက်ဝတ်စုံတွေကို အဓိကထားပြီး ချုပ်ဖြစ်ပါတယ်။ လာမယ့်ဝါကျွတ်မှာ ထိုင်မသိမ်းလေးတွေ ထုတ်လို့ရအောင်လည်း ပြင်ဆင်နေပါတယ်။ Collection လည်း ထုတ်ဖို့အတွက် အစီအစဉ်ရှိနေပါတယ်။

Model - May Barani Thaw
Designer - Zin Moe Kyaw
Makeup & Hair - Thit
Decoration - Lady Rose
Photo & Retouch - Thardu Ko Ko


ဒီဇိုင်နာကောင်းဆက်သူ (Miss People 2013- Best Fashion Designer)
Dress- Y Stone
People Magazine ကို ၂၀၀၇ လောက်ကတည်းက မအေးမြတ်သူတို့ Miss People ပြိုင်တယ်။ အဲဒီအချိန်မှာ မှတ်မှတ်ရရတခြား Miss ပြိုင်ပွဲတွေနဲ့ မတူဘူး၊ အရင်တုန်းက ဒီ International Miss ပြိုင်ပွဲတွေမရှိခင်ကတည်းက အရမ်းကြီးတဲ့ ပွဲတစ်ပွဲ။ ဒီ Miss People က ဆုရသွားပြီး ရင်လည်း အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်သွားတယ်ဆိုတာ ငယ်ငယ်ကတည်းကသိတယ်။ ကျွန်တော်ကနယ်မှာနေတဲ့အတွက် စာအုပ်တွေ အမြဲဖတ်တယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အရမ်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုရှိတယ်။ ဒီ Miss People က မွေးထုတ်ပေးလိုက်တဲ့ ဖက်ရှင် ဒီဇိုင်နာတွေကို အရမ်းအားကျတယ်။ ဒီဆုကို အရမ်းလိုချင်တယ်။ အဲဒီမှာ ကျွန်တော် ၂၀၁၂ မှာ သင်တန်းတွေတက်တယ်။ Miss People ကခေါ်တဲ့ Best Fashion Designer ဆုကိုအရမ်းရချင်တယ်။ ကျွန်တော် ၂၀၁၂ မှာ စပြိုင်တယ်။ အဲဒီတုန်းက ကိုယ့်ရဲ့လိုအပ်သေးတဲ့ အရည်အချင်းတွေကြောင့် ဆုမရခဲ့ဘဲ ၂၀၁၃ မှာ ပြန်ပြိုင်တော့ Best Fashion Designer ဆုကိုရခဲ့ပါတယ်။ အဲဒါက ဘ၀မှာ ကျွန်တော်လိုချင်တဲ့ ဆုကိုရခဲ့တဲ့အတွက် အမှတ်တရအဖြစ်ဆုံးပါပဲ။ အဲဒီတုန်းက ၀တ်စုံကို မော်ဒယ်လ် ဆုရူပါနဲ့ ၀တ်ပြီးပြိုင်ခဲ့တာပါ။ ကျွန်တော်ကအရမ်းရှုပ်တဲ့ ဒီဇိုင်းတွေ မထွင်တာများ တယ်။ ပန်းဆီရောင်ဝတ်စုံမှာ ကြာပွင့်ဖတ်လေးတွေအနောက်မှာထားပြီး အရှေ့က ခပ်ရှင်းရှင်း လေးချုပ်ခဲ့ပါတယ်။
People ၁၆ နှစ်ပြည့်မှာ Emerald Green Theme နဲ့ သွားချင်တယ်ဆိုတော့ အစိမ်းရောင်ကိုတစ်ထည်လုံးလုပ်တာထက် အသားရောင်လေးနဲ့ စပ်ချင်တယ်။ ပြီးတော့ အစိမ်းရောင်ပန်းပွင့်လေးတွေကိုလုပ်ပြီးသား Ready Made မသုံးထားဘဲ ပန်းပွင့်ရိုက်တဲ့အစ်မကို သေချာအပ်ပြီး အပွင့်ပေါင်း ၇၀၀ နဲ့ ချုပ်ထားပါတယ်။
People Magazine က ကျွန်တော်တို့ ငယ်ငယ်တုန်းက၊ Online Media တွေ မရှိတုန်းကတည်း ကဖတ်ခဲ့ရတဲ့ မဂ္ဂဇင်းတစ်ခုပါ။ ကျွန်တော်တို့ အလုပ်တွေကို စိတ်ဝင်စားလာတာကလည်း ဒီမဂ္ဂဇင်းတွေကြောင့်ပါပဲ။ ဒီဇိုင်နာတွေ၊ မော်ဒယ်လ်တွေအကြောင်းကို ဒီကနေတဆင့် သိလာရတာပါ။ People Magazine ၁၆နှစ်ပြည့်မှာ ကျွန်တော့်ဖန်တီးထားတဲ့ ၀တ်စုံလေးကို ကြည့်ပြီးအားပေးပါဦး။ People အတွက် အချိန်တိုင်းမှာသေချာ လေးကြိုးစားသွားပါမယ်။ People Magazine ၁၆ နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာတိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


Hanna Yuri
Designer- Kaung Sett Thu
Makeup & Hair- Jet Jet
Decoration- Lady Rose
Photo & Retouch- Thardu Ko Ko


ဒီဇိုင်နာ အေးအေးသွယ် (Miss People 2013- 1st Runner Up Fashion Designer)
Miss People ကို ၂၀၁၃ တုန်းက ပြိုင်ခဲ့ပါတယ်။ အဲဒီမှာ 1st Runner Up ရခဲ့တယ်။ မော်ဒယ်လ်ကယွန်းမှီမှီကျော်နဲ့ပါ။ အဲဒီတုန်းကယွန်းမှီအတွက် Empress ဘုရင်မပုံစံမျိုး ၀င့်ဝင့်ကြွားကြွားပုံစံမျိုး ထွင်ခဲ့တယ်။ အောက်ကလည်း အ၀ဲကြီးနဲ့ အပေါ်ကလည်း လက်ဖောင်းကြီးနဲ့ သူ ၀တ်လိုက်တော့ တအားလှတယ်။ 

People Magazine ၁၆နှစ်ပြည့်အတွက် ၀တ်စုံလေးတွေ ချုပ်ရမယ်ဆိုတော့ လောလောဆယ်မှာ ကိုယ်အားသန်နေတာက ကုတ်ကော်လံလေးတွေ၊ ကုတ်နဲ့ ဘောင်းဘီလေးတွေ အားသန်နေတယ်၊ လုပ်လည်းလုပ်ဖြစ်နေတယ်ဆိုတော့ အဲဒါလေးကိုဖန်တီးဖြစ်ပါတယ်။ People Magazine ဒီထက်မက အများကြီး အောင်မြင်ပါစေ။


Su Myat Noe Kyaw
Designer - Aye Aye Thwe
Makeup & Hair - Li Li Own
Decoration - Square Line
Photo & Retouch - Thardu Ko Ko