မရှိမဖြစ် ဖက်ရှင်အပိုင်းအစများ

အဝတ်ပုံကြားထဲမှာထိုင်ပြီး ဝတ်စရာလည်း မရှိဘူးဆိုပြီး ညည်းညူခဲ့ရတဲ့အဖြစ်ကို သင်မှတ်မိပါသလား။ ဒါဆိုသင့်ရဲ့ ဗီရိုထဲမှာ မရှိမဖြစ်ဆောင်ထားရမယ့် Must Have Items တွေ မရှိလို့လို့ ဆိုချင်ပါတယ်။ ဖက်ရှင်ဂုရုတွေ အကြံပြုထားတဲ့ မိန်းကလေးတိုင်းရဲ့ ဗီရိုထဲမှာ ရှိသင့်တဲ့ မရှိမဖြစ် ဖက်ရှင်အပိုင်းအစတွေက အမှန်တကယ်မှာတော့ အလွန်ရိုးစင်းပါတယ်။ ဒီလို ရိုးစင်းတဲ့ ဖက် ရှင်အပိုင်းအစလေးတွေကပဲ စတိုးဆိုင်မှာ ဈေးဝယ်ဖို့က အစ၊ သူငယ်ချင်းများနဲ့ အပြင်ထွက်ဖို့ အလယ် ၊ Business Meeting ကနေ ညနေဘက် Party အတွက်အထိ အဆုံး အမြဲတမ်း ဖက်ရှင်ကျနေစေဖို့ ကူညီပေးနိုင်တယ်လို့ဆိုရင် သင်မယုံ မရှိပါနဲ့။ အရောင်စုံ၊ အဆင်စုံ၊ အဝတ်အစားမျိုးစုံ အဝတ်ပုံကြီးကြားမှာထိုင်ပြီး ဝတ်စရာမရှိဘူးဆိုတဲ့ အခြေအနေကနေ၊ ဘယ်လိုအချိန်၊ ဘယ်လိုအနေအထားမျိုးမှာဖြစ်ဖြစ် အချိန်အနည်းငယ်အတွင်း Ready - to Go! အနေအထားအတွင်း သင့်ကို ပြောင်းလဲပေးနိုင်မယ့် ဖက်ရှင် အပိုင်းအစတွေ တကယ်ကိုရှိနေပါတယ်။ သင်ရှာဖွေကြည့်ရုံပါပဲ…


အဖြူရောင် တီရှပ်တစ်ထည်
အဖြူရောင်တီရှပ်တစ်ထည်လောက် အလုပ်ဖြစ်တဲ့ အဝတ်အစား ရှိကို မရှိနိုင်ဘူးလို့ ဆိုချင်ပါတယ်။ ဘယ်လို ဘောင်းဘီ၊ စကတ်မျိုးနဲ့မဆို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အဖြူရောင် တီရှပ်တစ်ထည်တောင် မရှိတဲ့ ဗီရိုမျိုးဟာ ဘယ်လိုမှ ပြီးပြည့်စုံတဲ့ ဗီရိုမျိုး ဖြစ်မလာနိုင်ပါဘူး။ ဒါက Must Have Item 1 ဖြစ်ပါတယ်။


Ballet Flats
ခြေညှပ်ဖိနပ်တွေက ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူစီးလို့ရတာမှန်ပါတယ်။ ပြဿနာက ခြေညှပ်ဖိနပ်တွေဟာ တစ်ခါတစ်ရံမှာ သာမန်ဆန်လွန်းတဲ့ အသွင်အပြင်ကို ဖြစ်စေပါတယ်။ ဒီတော့ ခြေညှပ်ဖိနပ်လိုပဲ လွယ်ကူပေါ့ပါးတယ်၊ ဒါပေမဲ့ နေရာဒေသတိုင်းနဲ့လည်း လိုက်ဖက်မှု ရှိတဲ့၊ ပိုပြီး ခမ်းနား (ဒါမှမဟုတ်) ခေတ်ဆန်ကြော့မော့တဲ့ အသွင်ကိုလည်းဖြစ်စေတဲ့ Ballet Flats (လေဒီရှူးအပါး) လေးတစ်ရံကိုတော့ သင်ပိုင်ဆိုင်ထားသင့်ပါတယ်။ ဂျင်းဘောင်းဘီနဲ့တွဲဖက် ဝတ်ဆင်ထားဦးတော့၊ သင်ဟာ လုပ်ငန်းခွင်နဲ့ သင့်တော်တဲ့ ဝတ်စားဆင်ယင်မှု ဘောင်ထဲမှာ ဝင်နေသေးသလို ၊ Business Attire နဲ့ပဲ ဖြစ်နေပါစေ၊ ပေါ့ပေါ့ပါးပါး ညနေခင်းအတွက်လည်း သင့်ဖက်ရှင်က အဆင်ပြေနေသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါက ဖိနပ်နဲ့ ပတ်သတ်လို့ ရှိထားရမယ့် Must Have Item 2 ပါ။


အနက်ရောင် ကုတ်အင်္ကျီ
ကိုယ်တိုင်းနဲ့ ကွက်တိဖြစ်နေအောင် ချုပ်ထားတဲ့ ပုံကျကျ အနက်ရောင် ကုတ်အင်္ကျီက Must Have Item No.3 ဖြစ်ပါတယ်။ သင်သွားရမယ့်နေရာတစ်ခုခုက Dress Code ကို Formal လို့ သတ်မှတ်ထားပါသလား၊ ကုတ်အင်္ကျီလေးသာထပ်သွားပါ။ ရာသီဥတုကြောင့်လား၊ ကုတ်အင်္ကျီလေးသာထပ်သွားပါ။ ကိုယ့်ရဲ့ ညနေခင်းဝတ်စုံ အပေါ်မှာ အပေါ်က အင်္ကျီလေးတစ်ထည်ထပ်ဖို့လိုအပ်လာပါပြီ၊ ကိုယ့်ရဲ့ ဖက်ရှင်ကိုလည်း အပျက်အစီးမခံချင်ဘူးလား၊ မှန်ပါတယ် - ဒီအချိန်မှာလည်း ကုတ်အင်္ကျီကို အားကိုနိုင်ပါတယ်။ ဒီတော့ ကုတ်အင်္ကျီကောင်းကောင်း ပုံကျကျတစ်ထည်တော့ သင်ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။


အနက်ရောင် ဘောင်းဘီ
ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် မရှိမဖြစ် လိုအပ်တာက အဖြူရောင်တီရှပ်ဆိုရင်၊ ခန္ဓာကိုယ်အောက်ပိုင်းအတွက်က အနက်ရောင် ဘောင်းဘီတစ်ထည်ဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်မယ့် ဘောင်းဘီအမျိုးအစားကိုမှ အနက်ရောင်ဖြစ်ရင် ဒါက Must Have Item ပါပဲ။ နံပါတ် ၄ ဖြစ်ပါတယ်။


Pumps
မိန်းကလေးမှန်ရင် ဒေါက်မြင့် ဖိနပ်တစ်ရံတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒေါက်မြင့် ဖိနပ်ကိုမှ Must Have အမျိုးအစားဆိုရင် Pumps အမျိုးအစားဖြစ်သင့်ပါတယ်။ Pumps တွေက ဘယ်လို ဒီဇိုင်း၊ ကာလာ၊ အနေအထားနဲ့မဆို လိုက်ဖက်မှုရှိပါတယ်။ ဒါကြောင့်လည်း ဟောလီးဝုဒ်မင်းသမီးတွေအစ၊ တော်ဝင်အမျိုးသမီးတွေ နဲ့  နိုင်ငံခေါင်းဆောင်အမျိုးသမီးတွေနဲ့ သမ္မတကတော်တွေ အလယ်၊ လုပ်ငန်းခွင်ဝင် အမျိုးသမီးတွေအဆုံး ဝတ်ဆင်နေကြတာဖြစ်ပါတယ်။ Pumps တစ်ရံကို Formal  ၊ Sleek ၊ Chic ဘယ်လိုခေါင်းစဉ်အောက်မှာမဆို ထည့်သွင်းနိုင်ပါတယ်။ ဒါက မရှိမဖြစ် နံပါတ် ၅ပါ။


Dark-Wash Denim
ဂျင်းန်ပန်အပြာ က Classic ဖြစ်တဲ့ ဂျင်းဘောင်းဘီအမျိုးအစားဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အချိန်မရွေး၊ နေရာမရွေး ဝတ်ဆင်နိုင်ဖို့ဆိုရင်တော့ Must Have  ဖြစ်သင့်တဲ့အရောင်က Dark Wash လို့ခေါ်တဲ့ အရောင်ရင့်ရင် ဂျင်းမျိုး သာဖြစ်သင့်ပါတယ်။ အညစ်အစွန်းခံတဲ့ အရောင်မျိုးဖြစ်သလို သင့်ကို နေရာအတော်များများမှာ ဝတ်ဆင်လို့ရမယ့် အခွင့်အရေးကိုလည်း ပေးပါလိမ့်မယ်။


A Little Black Dress
ကံကောင်းစေတဲ့ နံပါတ်နဲ့ မရှိမဖြစ် Must Have Item 7 ကတော့ A Little Black Dress ဖြစ်ပါတယ်။ ဖက်ရှင်သမိုင်းမှာ နာမည်ကြီး အမျိုးသမီးတွေနဲ့အတူ တွဲဖက် မှတ်တမ်းဝင်ခဲ့တဲ့ ဝတ်စုံတော်တော်များများက A Little Black Dress လို့ခေါ်တဲ့ ဆွဲဆောင်အားပြင်းတဲ့ အနက်ရောင် ဝတ်စုံလေးများပါပဲ။ သင့်ရဲ့ ဖက်ရှင်ကို ပိုပြီးဆန်းသစ်ချင်တယ်ဆိုရင် Accessories တွေနဲ့တွဲဖက်ဝတ်ဆင်လို့ ရသလို ဒီအတိုင်းရိုးရိုးဝတ်ရုံနဲ့ လည်း ဆွဲဆောင်မှုအပြည့် ရှိစေတဲ့ဝတ်စုံမျိုးပါ။ သင့်ကို ဘယ်တော့မှ မမှားစေမယ့် ဝတ်စုံမျိုးလည်းဖြစ်ပါတယ်။