မိုးရေတွေကြားမှာ အမြဲစမတ်ကျနေစေဖို့

ပူပြင်းခြောက်သွေ့တဲ့ကာလကို လွန်ပြီး မိုးတွင်းကာလကို ရောက်ရှိလာပါပြီ။ မိုးရေစက်တွေ ပက်ဖြန်းပေးတာကြောင့် ပတ်ဝန်းကျင်ကလည်း စိမ်းစိုလှပလာပြီ ဖြစ်သလို ပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့် စိတ်ခံစားမှုတွေလည်းပြန်လည် လန်းဆန်းလာပါပြီ။ ဒီအချိန်မှာ မမျှော်လင့်၊ မပြင်ဆင်ထားမိဘဲ မိုးမိသွားတဲ့အခါ ကောင်းမွန်နေတဲ့စိတ်ခံစားမှုလေးတွေ မိုးတွေအတူမျောပါသွားနိုင်တာ အသေအချာပါပဲ။ ရေစိုပြီး ကိုယ်မှာ ကပ်သွားတဲ့ အင်္ကျီ၊ ရေအိုင်ထဲနင်းမိလို့ စိုသွားတဲ့ ဖိနပ်နဲ့ စကတ်အနား၊ ရေတစ်စက်စက်ကျနေတဲ့ ဆံပင်၊ ရေထိပြီး ပျက်သွားတဲ့မိတ်ကပ်နဲ့ ပျံ့သွားတဲ့ မျက် တောင်ကော့ဆေး၊ မြင်ယောင်ကြည့်ရုံနဲ့ မိုးရာသီကို မုန်းသွားနိုင်တဲ့ အနေအထားတွေပါ။ ဒီလိုအဖြစ်မျိုး ဘယ်တော့မှ မကြုံရအောင် မိုးရာသီအတွင်း ဆောင်ရရှောင်ရမယ့် အင်မတန်လွယ်ကူ ရိုးစင်းတဲ့ အချက်တစ်ချို့ရှိနေပါတယ်။ မိုးရေစက်တွေအောက်မှာတောင် သင်ဟာ အမြဲစမတ်တကျနဲ့ လှပနေနိုင်ပါတယ်။


အဝတ်အစားအရောင်ရွေးမယ်ဆိုရင်
ရှောင်ရန် : မိုးရာသီမှာ သတိမထားမိဘဲ လုပ်မိတတ်တဲ့အမှားက ပိုးသားလိုမျိုးပါးလွှာတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့ အဝတ်အစားတွေ ဒါမှမဟုတ် အဖြူ (သို့) အရောင်ဖျော့ဖျော့ အဝတ်အစားတွေကို ဝတ်ဆင်မိခြင်းပါ ။ ဒီလိုအဝတ်အစားတွေက အခန့်မသင့်လို့ မိုးမိပြီး ရေစိုသွားရင် ပိုးသားလို ပါးလွှာပျော့ပြောင်းတဲ့ ပိတ်စမျိုးတွေက ခန္ဓာကိုယ်မှာ ကပ်သွားပြီး၊ အဖြူနဲ့ အရောင်ဖျော့တဲ့ ပိတ်စတွေဆိုရင် ရေစိုပြီးနောက်မှာ  ထွင်းဖောက်မြင်ရနိုင်တာကြောင့် သင့်ကို စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရောင်နုတဲ့ အဝတ်အစားတွေက မိုးရေစိုပြီး အလွယ်တကူညစ်ပေတာ၊ ဖားဥစွဲတာတွေလည်း ဖြစ်နိုင်ပြီး အဝတ်အထည်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အဖြူရောင်နဲ့ အခြားအရောင်ဖျော့တဲ့ ဝတ်စုံတွေကို မိုးတွင်းမှာ
တော့ ခဏခေါက်ထားလိုက်ပါလို့ အကြံပြုလိုပါတယ်။

ဆောင်ရန် : ဆန့်ကျင်ဘက်အနေနဲ့ အရောင်ခပ်ရင့်ရင့် ဖက်ရှင်ကိုရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အရောင်ရင့်ရင့်တွေကို မနှစ်သက်ဘူးဆိုရင် အနီ၊ အပြာ၊ အစိမ်း၊ ပန်းရောင် စတဲ့ အရောင်ခပ်တောက်တောက်တွေက သင့်ကို  အုံ့မှိုင်းတဲ့ ရာသီဥတုမှာ လန်းဆန်းတောက်ပတဲ့ အသွင်အပြင်မျိုးပေးနိုင်ပါတယ်။ ချည်သားလိုမျိုး ခပ်မာမာနဲ့ ပေါ့ပါးပြီး ခြောက်သွေ့လွယ်တဲ့ ပိတ်စ နဲ့ချုပ်ထားတဲ့ အဝတ်အထည်တွေကလည်း မိုး ရာသီနဲ့ သင့်တော်မှုရှိပါတယ်။


ဘောင်းဘီနဲ့ စကတ်တွေဝတ်မယ့်အခါ
ရှောင်ရန် : ဒီရာသီမှာ ဖြစ်နိုင်ရင် စကတ်ရှည်ရှည်၊ လုံချည်ရှည်ရှည်၊ ဘောင်းဘီရှည်ရှည်တွေ ဝတ်ဆင်ခြင်းကို ရှောင်တာအကောင်းဆုံးပါ။ ရေစိုနေတဲ့လမ်းတွေနဲ့ ကြမ်းပြင်တွေတွေကြောင့် သင့်ရဲ့ စကတ်၊ လုံခြည်အနားနဲ့ ဘောင်းဘီအဖျား တွေကို စိုသွားတာ၊ မိုးရွာနေစဉ်ပြန်စင်တဲ့ မိုးစက်နဲ့ ဗွက်တွေကြောင့် အဝတ်အထည်တွေစိုသွားတာ၊ စွန်းထင်းညစ်ပေသွားတာ  စတဲ့ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ထူထဲပြီး ရေကို စုပ်ယူထားတဲ့ ပိတ်စနဲ့ အဝတ်အထည်တွေကိုလည်း မိုးတွင်းမှာမဝတ်ဆင်သင့်ပါဘူး။ ခြောက်သွေ့ဖို့ အချိန်ကြာတတ်ပြီး စိုထိုင်းနေတဲ့ အဝတ်အစားတွေကို အချိန်ကြာကြာ ဝတ်ဆင်ခြင်းကြောင့်လည်း သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဆောင်ရန် : ချည်ထည်တွေ၊ ဒါမှမဟုတ် ရေခြောက်မြန်တဲ့ ပိတ်စနဲ့ ချုပ်လုပ်ထားတဲ့ ဘောင်းဘီ၊ စကတ်တွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီကို ခြေမျက်စိအထက်နားထိ ခေါက်တင်ပြီး ဝတ်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ မလွှဲမရှောင်သာ အခြေအနေမျိုးမှာ ဝတ်ဆင်နိုင်ဖို့ မိုးရာသီအတွက် ရည်ရွယ်ပြီး မိုးကာသားလို ရေစိုခံတဲ့ ပိတ်စမျိုးနဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အစားကို မိုးရာသီအတွင်း အနည်းဆုံး တစ်စုံလောက်တော့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။


ဖိနပ်တွေ
ရှောင်ရန် : ကတ္တီပါ၊ သားရေ၊ ပိတ်သားနဲ့ ချုပ်ထားတဲ့ဖိနပ်တွေ၊ ရေစိုမခံတဲ့ အားကစားဖိနပ်တွေကို မိုးရာသီမှာ မစီးသင့်ပါဘူး။ ခြေထောက်ကထွက်တဲ့ အဆီနဲ့ စိုထိုင်းနေတဲ့ဖိနပ်နဲ့ ထိတွေ့ပြီးနောက် မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာတတ်ပြီး ဖိနပ်တွေကို ပျက်စီးစေသလို သင့်တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ သက်ဆိုင်တဲ့ ပုံရိပ်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ရေစိုနေတဲ့ခြေစွပ်နဲ့ အသားကပ်ခြေအိတ်တွေကလည်း အချိန်ကြာလာရင် အနံ့အသက်တွေ ထွက်လာစေတတ်တာကြောင့် ခြေစွပ် ဒါမှမဟုတ် အသားကပ်ခြေအိတ်နဲ့ တွဲစီးရတဲ့ ဖိနပ်အမျိုးအစားတွေကလည်း မိုးကာလမှာ အဆင်မပြေပါဘူး။ ဒေါက်မြင့်ဖိနပ်တွေကလည်း ရေစိုပြီးချောနေတဲ့ လမ်းတွေအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။

ဆောင်ရန် : ပလတ်စတစ်အပျော့စား ဒါမှမဟုတ် ရာဘာနဲ့ပြုလုပ်ထားတဲ့ မိုးတွင်းစီး ဖိနပ်ကောင်းကောင်းတစ်ရံကို ရှာဝယ်ထားဖို့တော့ လိုအပ်ပါတယ်။ ရေစိုနေတဲ့ လမ်းတွေနဲ့ အဆောက်အဦးကြမ်းပြင်တွေမှာ မချောစေဘဲ ခြေလှမ်းမြဲမြဲ လျှောက်နိုင်အောင် ခြေကုပ်အားကောင်းတဲ့ ဖိနပ်မျိုးဆိုရင်ပိုကောင်းပါတယ်။ မိုးတွင်းစီးဖိနပ်လို့ဆိုလိုက်တာကြောင့် လည်ရှည်ရာဘာဖိနပ်တွေကိုပဲ ပြေးမမြင်လိုက်ပါနဲ့ဦး။ ဈေးကွက်ထဲမှာ မိုးရာသီအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အင်မတန် စတိုင်ကျလှပတဲ့ ဖိနပ်ဒီဇိုင်း အစုံအလင် ရှိနေတတ်ပါတယ်။ သင့်တာဝန်က ကိုယ်ရဲ့ စတိုင်လ်နဲ့ လိုက်ဖက်ပြီး အသုံးဝင်မယ့် ဖိနပ်ဒီဇိုင်းကို မှန်ကန်အောင် ရွေးချယ်ဖို့ပါပဲ။ အကယ်၍ မိုးရွာတဲ့နေ့မှာ သင်ဝတ်ဆင်ဖို့ ရွေးချယ်လိုက်တဲ့ ဝတ်စုံက ဒေါက်မြင့်ဖိနပ်နဲ့မှ လိုက်ဖက်မယ်လို့ ယူဆရင်၊ ဒါမှမဟုတ် သင့်ရဲ့ ယူနီဖောင်းမှာ ဒေါက်ဖိနပ်ပါနေမယ်ဆိုရင် ဒေါက်ဖိနပ်ကို သပ်သပ်ထည့်သွားပြီး အမိုးအကာအောက်ရောက်မှ ဖိနပ်လဲစီးတာမျိုးပြုလုပ်ဖို့ အကြံပြုလိုပါတယ်။


ဆံပင်ပုံစံ
ရှောင်ရန် : မိုးရွာပြီး လေတိုက်နေတဲ့နေ့မှာ ဆံပင်တွေကို ဒီအတိုင်းဖြန့်ချထားမယ်ဆိုရင် သင့်အတွက် ဆံပင်မကောင်းတဲ့နေ့ “Bad Hair Day” ဖြစ်သွားနိုင်ပါတယ်။ မိုးမိလို စိုနေတဲ့ ဆံပင်တွေက သင့်ကို ဘယ်လိုမှ ဖက်ရှင်မကျစေပါဘူး။ ကံဆိုးရင် စိုနေတဲ့ ဆံပင်ကြောင့် သင်နေမကောင်းတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လေလာ မိုးရွာနေတဲ့ နေ့မှာ ဆံပင်တွေကို ဘယ်တော့မှ ဖြန့်ချမထားပါနဲ့လို့ သတိပေးပါရစေ။

ဆောင်ရန် : ကပိုကရို ဆံထုံးလေး ထုံးလိုက်တာ၊ ကျစ်ဆံမြီးလေးကျစ်လိုက်တာ၊ ဆံပင်တွေကို အပြောင်သိမ်းပြီးစီးလိုက်တာ စတဲ့ နည်းလေးတွေကိုသုံးပြီး မိုးရေစက်တွေကြားမှာ သပ်သပ်ရပ်ရပ်နဲ့ တင့်တယ်တဲ့ အသွင်ကို ရယူနိုင်ပါတယ်။  မိုးမိပြီး ရေစိုသွားရင်တောင်မှ ဖျားလျားချထားပြီး အချောင်းလိုက်အချောင်းလိုက် ရေစိုနေတဲ့ ဆံပင်တွေလောက် ကြည့်ရဆိုးမနေမှာ အသေအချာပါပဲ။


မိတ်ကပ်
ရှောင်ရန် : မိုးရာသီမှာ ရိုးရိုး မျက်တောင်ကော့ဆေးကို လုံးဝ (လုံးဝ) အသုံးမပြုပါနဲ့။ ရေထိပြီး မျက်ဝန်းတစ်ဝှိုက် ပျံ့သွားမယ့် မျက်တောင်ကော့ဆေးတွေရဲ့ ဆိုးကျိုးကို မိန်းကလေးတိုင်း သိထားပြီး ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ ရေစိုမခံပေမယ့် ပျံ့နှံ့သွားပြီးရင် တော်ရုံဖျက်မရတတ်တဲ့ မျက်တောင်ကော့ဆေးတစ်ချို့ရှိပါတယ်။ ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ခံထားရတာက Smoky Eye ဖြစ်ပြီး ပန်ဒါမျက်ဝန်းတွေမဟုတ်တာ သတိ ချပ်စေချင်ပါတယ်။ 

ဆောင်ရန် : Waterproof အမျိုးအစား မိတ်ကပ်ပစ္စည်းတွေကို အသုံးပြုတာကတော့ အကောင်းဆုံးပါပဲ။ မိုးမိပြီး ရေစိုခဲ့ရင်တောင်မှ သင့်ကို အလှမပျက်စေဘူးဆိုရင် ဒီလိုအလှအပ ပစ္စည်းတွေအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရတာ တန်တယ်လို့ ဆိုရမှာပါ။ အလှကုန် ပစ္စည်းအားလုံး မဟုတ်ရင်တောင် အနည်းဆုံး Foundation နဲ့ Mascara ကိုတော့ မိုးရာသီမှာ Waterproof အမျိုးအစား သုံးပေးသင့်ပါတယ်။