Fashion Trend နဲ့ ပြောင်းလဲလာတဲ့ Jeans

Fashion Trend ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့အရာတစ်ခုပါ။ ဖက်ရှင် Trend ရဲ့ ပြောင်းလဲပုံကို ကြည့်ရင် ဆယ်စုနှစ်အတွင်း တစ်ဖြည်းဖြည်းနဲ့ မသိမသာ လိုက်ပါလာတဲ့ အပြောင်းအလဲ၊ လက်ရှိအချိန်နဲ့ ပြီးခဲ့တဲ့နှစ်က ဟုန်းဟုန်းတောက် လူကြိုက်များခဲ့တဲ့ စတိုင်လ် လုံးဝမတူဘဲ သိသိသာသာ ကွဲပြားသွားတဲ့ အပြောင်းအလဲ၊ တစ်ရာသီနဲ့ တစ်ရာသီ မတူတဲ့ စတိုင်လ်အပြောင်း အလဲတွေဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။

Fashion Trend ဆိုတာ
မေးခွန်းက Fashion Trend ဆိုတာ ဘာလဲ၊ ဒီ Trend ကို ဘယ်သူတွေက သတ်မှတ်နေသလဲဆိုတာပဲဖြစ်ပါတယ်။ လက်ရှိ အချိန်အတောအတွင်းမှာ လူတိုင်းနီးပါးဝတ်စားဆင်ယင်ပြီး လူကြိုက်များခေတ်စားနေတဲ့ အဝတ်အစားတွေရဲ့ ဒီဇိုင်း၊ အရောင် နဲ့ အတွဲအစပ်တွေကို Trend လို့ သတ်မှတ်ပါတယ်။

ဒီ Trend ကိုဘယ်သူတွေက သတ်မှတ်နေပါသလဲ
နာမည်ကြီးဒီဇိုင်နာများရဲ့ ဖက်ရှင်လျှောကလမ်းမပေါ်က ဒီဇိုင်းများ၊ အနုပညာနဲ့ ဖျော်ဖြေရေး လောကက နာမည်ကြီးတွေရဲ့ ကော်ဇောနီပေါ်က ဖက်ရှင်များနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝ ဝတ်စားပုံများ၊ နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်းတွေက အယ်ဒီတာ
တွေရွေးချယ်ဖန်တီးတဲ့ စတိုင်လ် အတွဲအစပ်များ စတာတွေကနေ လက်ရှိခေတ်စားနေတဲ့ Fashion Trend ကို သတ်မှတ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ အဝတ်အစားနဲ့ ဖက်ရှင်စတိုင်လ်၊ အဆိုတော်၊ သရုပ်ဆောင်၊ နယ်ပယ်တစ်ခုခုမှာ နာမည်ကြီးလူသိများတဲ့ သူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်စတိုင်လ် နဲ့ သူရဲ့ ဝတ်စားဆင်ယင်ပုံကလည်း လတ်တလောမှာ ရေပန်းစားတဲ့ Fashion Trend ဖြစ်သွားတတ်ပါသေးတယ်။

Seasonal Trend
များသောအားဖြင့်တော့ Seasonal Trend လို့ ပြောရမယ့် ရာသီအလိုက် ခေတ်စားမယ့် ဖက်ရှင်စတိုင်လ်များကို ကမ္ဘာ့နာမည်ကြီး ဒီဇိုင်နာများနဲ့ ဖက်ရှင်မဂ္ဂဇင်းကြီးတွေက ဂုဏ်သိက္ခာကြီးမားတဲ့ ဖက်ရှင် အယ်ဒီတာတွေ၊ စတိုင်လ်လစ်တွေက သတ်မှတ်ကြတာများပါတယ်။ ဒီတော့ ဖက်ရှင် ချစ်သူများက ရာသီအလိုက်ခေတ်စားမယ့် Trend ကို နာမည်ကြီး ဖက်ရှင်တံဆိပ်တွေက နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Runway ပေါ်က ဒီဇိုင်းတွေ၊ နောက်ဆုံးထွက် ဖက်ရှင်မဂ္ဂဇင်းမှာပါတဲ့ ဖက်ရှင်
ဓာတ်ပုံတွေကနေပြီး ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။

Jeans ရဲ့Trend အပြောင်းအလဲ
ဒီလအတွက်တော့ ဖက်ရှင်ကို ရူးသွပ်ခုံမင်သူတိုင်း မရှိမဖြစ်လိုအပ်တဲ့ Jeans ရဲ့  မြင်တွေ့နေရပြီ ဖြစ်တဲ့ Trend အပြောင်းအလဲကို ဖော်ပြပေး မှာဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်လောက်မှာ စခေတ်စားပြီး ၂ဝ၁ဝ / ၂ဝ၁၁ ကာလအပိုင်းအခြားမှာ အဓိက Trend ဖြစ်ခဲ့တဲ့  Skinny Jeans က လက်ရှိအချိန်ထိတော့ လူကြိုက်များဆဲပါပဲ။ ကြားထဲမှာ Skinny Jeans ကို High-wasted နဲ့ Leggings ဆန်ဆန် ပေါင်းစပ်ပြီး ဝတ်လာတာကိုလည်းတွေ့ရပေမယ့် အကြမ်းဖျင်းအားဖြင့် Skinny Jeans က ဆယ်စု နှစ် တစ်စုစာလောက်ကို အဓိက Trend အဖြစ် ရှိနေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် Skinny Jeans တွေက အသစ်အဆန်းကို မက်မောတဲ့ ဖက်ရှင်ချစ်သူတွေရဲ့ အမြင်မှာ အနည်းငယ် ပျင်းစရာကောင်းလာပြီလို့ ပြောရတော့မှာပါ။ ဒီတော့ စတင်ပြီး မြင်တွေ့နေရပြီ ဖြစ်တဲ့ သင်သိထားရမယ့် စတိုင်လ်အပြောင်းအလဲ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Hem Details (အနားကွပ်ဘောင်းဘီ)
စမတ်ကျပေမဲ့ ရိုးရှင်းတဲ့ ဂျင်းဒီဇိုင်းကို ဒီဇိုင်နာတွေ ငြီးငွေ့လာကြပုံရပါတယ်။ နောက်ဆုံး ထွက်ဂျင်းဘောင်းဘီတွေမှာ သိသိသာသာ တွေ့လာရတဲ့ အပြောင်းအလဲက ဘောင်းဘီအနားတွေပါပဲ။ ဇာတွေ၊ စီးကွင့်စ်တွေ၊ အမွေးဖွားလေးတွေ နဲ့ အသေးစိတ် အလှဆင်အနားကွပ်ထားတဲ့ ဂျင်းဘောင်ဘီတွေကို တွေ့လာရပါတယ်။ ဒီ ဒီဇိုင်းအပြောင်းအလဲမှာ မိန်းမဆန်တဲ့ ဖက်ရှင်အရသာကို ခံစားရမှာဖြစ်ပြီး ပေါ့ပါးပြီး လွတ်လပ်တဲ့ အသွင်အပြင်ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

Triangle Culottes (စကတ်ဘောင်းဘီ)
ဒါက ခြေချင်းဝတ်နဲ့ ဖိနပ်ရဲ့ အလှကို မသိမသာလှစ်ပြလို့ရမယ့် ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ Triangle Culottes လို့ခေါ်တဲ့ စကတ်ဘောင်းဘီတွေ တစ်ကျော့ပြန်လာပါပြီ။ ခြေချင်းဝတ်အထိရှည်တဲ့ အနားကားဘောင်းဘီတွေက သင့်ရဲ့ ဖက်ရှင်အမြင်ကို စိန်ခေါ်မယ့် စတိုင်လ်အပိုင်း အစတစ်ခုလို့ ဆိုရမှာပါ။ သင်ရွေးချယ်တဲ့ ဘောင်းဘီရဲ့Cutting အပေါ်မူတည်ပြီး တွဲဖက်ဝတ်ဆင်လို့ရမယ့် အင်္ကျီ၊ ဖိနပ်နဲ့ Accessories တွေရဲ့ ရွေးချယ်စရာတွေက အတော်ကိုများပါတယ်။ ဒီဘောင်းဘီ အမျိုးအစားနဲ့ ခေတ်ရှေ့ပြေးတဲ့ စတိုင်လ်တစ်ခုကို ဖန်တီးလို့ရသလို Retro လို့ခေါ်တဲ့ တစ်ကျော့ပြန်ခေတ်ဟောင်းဖက်ရှင် ပုံစံမျိုးလည်း ဖန်တီးနိုင်ပါတယ်။ သေချာပါတယ်။ Triangle Culottes တွေက သင့်ရဲ့ ဖက်ရှင်နဲ့ စတိုင်လ်အပေါ် ဘယ်လောက်အထိ ရူးသွပ်တဲ့ အမြင်မျိုးရှိသလဲဆိုတဲ့ အပေါ်လုံးဝကို စိန်ခေါ်မှုဖြစ်လာစေမှာပါ။


Baggy (ဒဲ့ပွ ဘောင်းဘီ)
Baggy ဘောင်းဘီတွေ တစ်ကျော့ပြန်လာပါပြီ။ ပွပွရွရွ၊ လျော့လျော့ရဲရဲ စတိုင်လ်ကို နှစ်ခြိုက်သူများအတွက် ပျော်စရာ အပြောင်းအလဲပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို အရှိအတိုင်း မြင်ရစေတဲ့ Skinny Jeans ကြောင့် တင်၊ ပေါင်တံတွေနဲ့ ခြေသလုံးတွေရဲ့ ဆိုဒ်ကို ကြောင့်ကြနေရတဲ့ ဒုက္ခက အနားရပါပြီ (တကယ့်ကို သတင်းကောင်းပါပဲ)။ ရာသီဥတု ပူပူမှာ ခပ်ကြပ်ကြပ် ဂျင်းဘောင်းဘီကြောင့် အနေခက်ရတဲ့ ပြဿနာလည်း မရှိတော့ပါဘူး။ Skinny Jeans နဲ့ Leggings တွေ
ကို တကယ်ငြီးငွေ့နေတဲ့ သူတွေအတွက် ခပ်ပွပွ Baggy Jean တွေက ဆန်းသစ်ပြီး ပေါ့ပါးတဲ့ ဖက်ရှင်အရသာကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။


Side Stripes (ဘေးအစင်းပါဘောင်းဘီ)
90s မှာခေတ်စားခဲ့တာက Hip Hop Fashion ပါ။ အားကစားဂျာစီ၊ Baggy ဘောင်းဘီ၊ Tracksuit ၊ လျှာထိုးဦးထုပ်တွေနဲ့ အထာကျနိုင်ခဲ့တာက ၁၉၉ဝ ကနေ ၂ဝဝဝ ခုနှစ် အချိန်အပိုင်းအခြားလောက်ထိ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အားကစားအငွေ့ အသက်နဲ့ မကင်းတဲ့ Fashion Trend ဖြစ်ခဲ့တဲ့ ကာလလို့ဆိုနိုင်ပါတယ်။ အခုလည်း 90s ဖက်ရှင်ပြန်လာတာ မဟုတ်ပေမဲ့ Sporty ဖြစ်တဲ့ ဖက်ရှင်စတိုင်လ်မျိုးကို လူတွေပြန်လည် နှစ်သက်လာတာ ကို သတိပြုမိမှာပါ။ Jogger Pant နဲ့ Sport Bra ကို အားကစားရုံသွားတဲ့အချိန်မှာသာ မဟုတ်ဘဲ ဖက်ရှင်တစ်မျိုးအနေနဲ့ လူငယ်တွေ ဝတ်ဆင်လာကြတာက ဒီအချက်ကို မီးမောင်းထိုးပြနေပါတယ်။ ဒီတော့ ဂျင်းဘောင်းဘီတွေမှာလည်း  ဒီအငွေ့အသက်ကိုကူးယူဖို့ ပြုလုပ်လာတာကို တွေ့ရပါတယ်။ ဂျင်းဘောင်းဘီကို အားကစားဆန်တဲ့ အမြင်မျိုးရစေဖို့ အားကစားဘောင်းဘီတွေရဲ့ ထင်ရှားတဲ့ သင်္ကေတဖြစ်တဲ့ ဘေးအစင်းကို နောက်ဆုံးထွက် ဂျင်းဘောင်းဘီဒီဇိုင်းတွေမှာထည့်သွင်း အသုံးပြုတာကို တွေ့လာရပါတယ်။


Deconstructed Jeans
ပြောင်းလဲလာတဲ့ ဂျင်းဘောင်းဘီ Trend ထဲမှာတော့ ဒီအမျိုးအစားက အသစ်လွင်ဆုံးလို့ ဆိုရမှာပါ။ ၂ဝ၁၇ အောက်တိုဘာလတုန်းက ပြု လုပ်ခဲ့တဲ့ Tokyo Fashion Week မှာစတွေ့ခဲ့ရတဲ့ Thong Jeans ရဲ့ နောက်ဆက်တွဲ လို့ဆိုနိုင်ပါတယ်။ ဘောင်းဘီတစ်ထည်လုံးနီးပါးမှာ ချုပ်ရိုးတွေကလွဲ ပြီး ဘာမှမပါ ဗလာဖြစ်နေတဲ့ Thong Jeans က ဖက်ရှင်လောကကို အတော်ပွဲဆူသွားစေပါတယ်။ ဒါပေမဲ့ ဒီဇိုင်နာတွေက Thong Jeans ကို အခြေခံပြီး လူတိုင်းအတွက် ပိုပြီးသင့်တော်မယ့်ပုံစံမျိုးကို ဦးတည်ခဲ့ကြပါတယ်။ Deconstructed Jeans လို့ဆိုတဲ့အခါမှာ သေသေသပ်သပ် မဟုတ်ဘဲ ဟိုတစ်စ၊ ဒီတစ်စ တွဲဖက်ပြီး မသပ်မရပ် ပုံစံထွက်အောင် တမင်လုပ်ထားတဲ့ ဒီဇိုင်းနဲ့ ဘောင်းဘီတွေလို့ အနီးစပ်ဆုံးဆိုရမှာပါပဲ။ ဒီဂျင်းဘောင်းဘီဒီဇိုင်းက အတော်ကို အကြမ်းထည်ဆန်တာကြောင့် နေ့စဉ်အဝတ်အစားဆိုတာမျိုးထက် တကယ့် ဖက်ရှင်အသားပေး ပွဲလမ်းတွေမျိုးအတွက်သာ ပိုပြီးသင့် တော်မယ်လို့ ယူဆနိုင်ပါတယ်။