Primary tabs

ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အိပ်မက်လေး

ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အိပ်မက်လေးနဲ့ ကံကောင်းခြင်း လက်ဆောင်လေးကြောင့် ပိုမိုသာယာပျော်ရွှင်ပြီးပြည့်စုံသွားတဲ့မိသားစုလေး (သို့မဟုတ်) ဖေဖေအဆိုတော် အနဂ္ဂ၊ မေမေ သံသာဝင်းနဲ့ သမီးလေး ကေသရီအနဂ္ဂ...။
 
ဒီလို ချစ်စရာမိသားစုလေးရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို အမှတ်တရ မှတ်တမ်းတင်ရင်း Myanmar People Magazine ရဲ့ ချစ်ပရိသတ်များအတွက် တင်ဆက်လိုက်ပါတယ်နော်။
 
 
မသံသာနဲ့ ကိုအနဂ္ဂတို့ အိမ်ထောင်သက်တမ်းက ၂ဝ၁၈ မှာ ခြောက်နှစ်ရှိပါပြီ။ အိမ်ထောင်သက်တမ်း ၅ နှစ်ခွဲမှာ သမီးလေးရခဲ့တယ်။  ကိုအနဂ္ဂက ကလေးအရမ်းချစ်တယ်။ ကလေးအရမ်းလိုချင်တယ်။ မသံသာက သားအိမ်မှာ အလုံးလေးတွေ ရှိတဲ့အတွက် ကိုယ့်ကိုယ်ကို Fit မဖြစ်ဘူးဆိုပြီးတော့ ကလေးမယူဖြစ်တာပေါ့နော်။ ကျန်ခဲ့တဲ့နှစ်လောက်ကမှ ကိုအနဂ္ဂကိုလည်း ပြောတယ်။ ကျန်းမာရေးအရရော အသက်အရွယ်အရရော မမွေးနိုင်တော့ဘူးထင်တယ်။ မယူတော့ဘူးပေါ့နော်။ အဲလိုဆုံးဖြတ်လိုက်ပြီးတော့မှ မထင်မှတ်ဘဲ ရလိုက်တာ။ကိုယ့်ဘာသာတောင် မသိလိုက်ဘူး။
 
 
ကိုယ်ဝန်ရှိတယ်လို့ သိသိချင်းမှာ ကိုယ့်ကိုယ်ကို ပျော်တာထက်ကို ကိုယ့်အမေနဲ့ ကိုယ်ယောက်ျားမျက်နှာကို မြင်ယောင်မိတယ်။ မေမေ (ဒေါ်နွဲ့ယဉ်ဝင်း) ဆိုလည်း ရှိတဲ့မြေးတွေက အဝေးမှာဆိုတော့ မသံသာကို ကလေးအရမ်းယူစေချင်တယ်။ ကိုယ့်သမီးရဲ့ကျန်းမာရေးကို သိနေလို့သာ မပြောတာပေါ့နော်။ အဲလိုသိတဲ့အချိန်မှာ ကိုအနဂ္ဂမွေးနေ့ကလည်းရှိနေတော့ ကိုယ်ဝန်စစ်တဲ့အချောင်းလေးကို ပါကင်ထုပ်ပြီး မွေးနေ့လက်ဆောင်ပေးလိုက်တော့ သူအရမ်းကို ပျော်သွားတာ။
 
 
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အရမ်းကို ဂရုစိုက်တယ်။ ကိုယ့်ကျန်းမာရေးကြောင့် ကိုယ့်ရင်သွေးကိုစိတ်ပူမိတယ်။ ကိုယ့်အတွက် အရမ်းကို ရှားရှားပါးပါး ရလာတာလေး ဆိုတော့လေ။ မသံသာထက်ကို ယောက်ျားရော အဖေအမေ ရောကခြေလှမ်းလှမ်းတာကအစ အရမ်းကို Care လုပ်ကြတယ်။ ဒါပေမဲ့ Μorning Sickness လည်း မရဘူး။ နည်းနည်းပါးပါးလေး မူးမော်တာလောက်ပဲဖြစ်လိုက်တယ်။ အန်ချင်တာလည်းမရှိဘူး။ အစားအသောက်အရမ်းစားတယ်။ လူကလည်း နေရတာလန်းတယ်။ ပြီးတော့ ကိုယ်ဝန်ကြီးကလည်း အကြီးကြီးပဲဆိုတော့ ယောက်ျားလေးလို့ ထင်သူတွေလည်းရှိတယ်။ ထူးခြားတာက ကိုယ်ဝန်စရှိတယ်သိကတည်းက ကိုယ်စိတ်ထဲမှာ မိန်းကလေးလို့ပဲသိနေတယ်။ ခံစားမိလိုက်တာက သမီးလေးက တော်တော်ဉာဉ်ကောင်းတယ်ပေါ့နော်။
 
 
သမီးလေးကို မွေးဖို့ဆရာဝန်တွေနဲ့တိုင်ပင်တော့ ခွဲမွေးဖို့အကြံပြုပြီး Date ရွေးခိုင်းတော့ ဒီဇင်ဘာ တစ်ရက်နေ့၊ သောကြာနေ့ကို ယူထားလိုက်တယ်။ ဒါပေမဲ့လည်း ကလေးဆိုတာ အတင်းလုပ်ယူလို့မရဘူးဆိုတာမှန်တယ်။ နိုဝင်ဘာလကုန်ပတ်မှာ သူထွက်ချင်လာတော့ မသံသာလည်း Pressure တွေမငြိမ်တော့ဘူး။ အထဲက ကလေးရဲ့ Ηeart Rate ကလည်း မငြိမ်တော့ဘူး။ အဲဒါနဲ့ ၂၇ ရက်နေ့မှာ မွေးဖြစ်ခဲ့ပါတယ်။ မွေးတဲ့အချိန်မှာလည်း ထူးဆန်းတာက ခါးရိုးထုံဆေးထိုးတာလည်း အရမ်းနာမယ်လို့ထင်ခဲ့တာ သိပ်မနာလိုက်ဘူး။ တကယ်တမ်း ခွဲတဲ့အတွေ့အကြုံကိုလည်း ဘာမှသိပ်မကြောက်လိုက်ဘူး။ ကိုယ်ကသတိ ထားမယ်လို့ ကြံလိုက်တဲ့အချိန်မှာသမီးက ထွက်လာပြီးအော်နေပြီ။ ဒီကလေးလေးကိုဆွဲထုတ်တာ တကယ်ကို သုံးလေးမိနစ်ပဲကြာတယ်။ သမီးလေး က ၇ ပေါင် ၅ အောင်စရှိတယ်။
 
 
ကိုအနဂ္ဂက သမီးလေးမွေးတာကို ဗီဒီယို မှတ်တမ်းတင်နေရင်းနဲ့ သမီးထွက်လာတော့ မျက်ရည်တွေဝဲပြီး သူလည်းဘာလုပ်ရမှန်းမသိဘူး။ ခံစားချက်ကတော့ ကိုယ်တစ်သက်လုံးမရတော့ဘူး ထင်ထားတာလေးက ရလာတော့ တစ်ခါတလေကျရင် အိပ်မက်လိုဖြစ်နေတာ ခုထက်ထိကိုပဲ။
 
 
သမီးလေးက အခုဆို ကိုးလပြည့်ပါပြီ။ ကလေးဖွံ့လွန်းလို့ ဘာတွေကျွေးလဲ မေးကြတယ်။ ကလေးအတွက် Μenu ကို ကိုယ်တိုင်ချက်တယ်။ သုံးလအထိ မိခင်နို့တစ်မျိုးပဲတိုက်ပေမဲ့ သုံးလခွဲကျော်တော့ မိခင်နို့တစ်မျိုးတည်းနဲ့ သူမလုံလောက်တော့ နို့ဘူးကူရတယ်။ အစားအသောက်ကျွေးရင်လည်းအိုကေတယ်။ ဂျီကျတာတွေ ဘာတွေလည်း မရှိဘူး။ ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း ပြဿနာမရှိသလောက်ပဲပေါ့နော်။ တစ်ခုတော့ရှိတာပေါ့နော်။ ကာကွယ်ဆေးထိုးစရာရှိ ထိုးတယ် သွားစရာရှိသွားတယ်။ ကိုယ်ဝန်ရချိန်ကစပြီး ခုထိ ပုံမှန်ကြီးပြင်းတဲ့ကလေးလေးပါပဲ။ သမီးလေးနာမည်ကတော့ ကေသရီအနဂ္ဂလို့ပေးထားပါတယ်။ ကိုအနဂ္ဂကတော့ သူ့နာမည်ထည့်ဖို့ မပြောဘူး။ မသံသာက ထည့်လိုက်တယ်။ မွေးလာကတည်းက သူနဲ့တစ်ပုံစံတည်းမို့လို့။ အခုနည်းနည်းကြီးလာတော့ မသံသာနဲ့လည်း နည်းနည်းတူလာပြီ။ အင်္ဂလိပ်နာမည်ကတော့ Κayla Maria Win သူ့ဘွားဘွားပေးထားတာ ခရစ်ယာန်နာမည်လေးပါ။