Primary tabs

တကယ်အလုပ်ရှုပ်နေတာလား အလုပ်ရှုပ်ချင် ယောင်ဆောင်နေတာလား

အလုပ်ခွင်ထဲမှာ အချိန်ပြည့်ရှိနေသူတွေဟာ အလုပ်နဲ့ ပတ်သက်တဲ့ အမူအကျင့်တွေကို ပိုပြီးထဲထဲဝင်ဝင်လေ့လာသင့်ပါတယ်။

စာဖတ်သူအနေနဲ့ တစ်စုံတစ်ယောက်ကို (အိမ်ထောင်ဖက်ကိုဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေကိုဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ကိုဖြစ်စေ) သင်ဘယ်လောက်အလုပ်ရှုပ်နေကြောင်း ညည်းညူမိတဲ့ အခိုက်အတန့်ရော ရှိဖူးပါလား။ အလုပ်ခွင်ထဲက လူဆိုရင်တော့ မညည်းဖူးတဲ့သူ မရှိသလောက်ပါပဲ။ ကိုယ်က စညည်းမိတဲ့အချိန် ရှိနိုင်သလို တစ်ဖက်က စပြီညည်းညူတာကို နားထောင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

ဒါဟာ ဘာကြောင့်ဖြစ်ရသလဲလို့ လေ့လာ ကြည့်တဲ့အခါ တစ်နည်းမဟုတ်တစ်နည်းနဲ့ အလုပ်ရှုပ်နေတဲ့သူတွေကို အထင်ကြီးတတ်ကြတဲ့ အချက်ကစတယ်လို့ ယူဆရပါတယ်။ ကိုယ့်ဝန်းကျင်က လူတွေလောက်ပဲ အလုပ်မရှုပ်နေရင် ကိုယ့်ကို အပျင်းကြီးသူထင်ကြမှာလည်း ကြောက်တတ်တာက ရှိပါသေးတယ်။ ချီးကျူးစကား၊ ဂုဏ်ယူ စကားတွေ ရှာဖွေလိုတာကလည်း အကြောင်းရင်း တစ်ချက်အဖြစ် ပါဝင်ပါသေးတယ်။ အဲဒီ့အခါ အမှန်တကယ် တာဝန်ယူ လုပ်ဆောင်ရမှာတွေထက် ကျော်လွန်တာမျိုးတွေ ဖြစ်ကုန်ကြပါရော။ အထက်မှာပြောထားတဲ့ အကြောင်းတရားတွေ ပေါင်းစုံလာ တဲ့အခါ အလုပ်ရှုပ်ချင်ယောင်ဆောင်ဖို့ ဖန်တီးလာပါတော့တယ်။

နောက်ပြီး ယနေ့ကမ္ဘာမှာ ခေတ်အစားအဆုံးဖြစ်တဲ့ “စိတ်ဖိစီးမှု”။  အဲဒီ့ စိတ်ဖိစီးမှုဆိုတဲ့အရာဟာ အသိစိတ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုတစ်ခုဖြစ်ပြီး အလုပ်များနေခြင်းနဲ့ အလုပ်များနေတယ်လို့ ခံစားနေရခြင်း အရာနှစ်ခုကြားက မျဉ်းကို ပိုပြီး ပါးစေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဖိစီးမှုများနေရင်လည်း အလုပ်ကပိုများသလို လိုဖြစ်တာပါ။

ဒီတော့ တကယ်အလုပ်ရှုပ်နေတာလား၊ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာလားကို သိဖို့ အောက်မှာ ဖော်ပြသွားမယ့် အချက် (၇) ချက်ကို တစ်ချက်လောက်ဖတ်ကြည့်လိုက်ပါ။

၁။ အိပ်စက်ချိန် အလုံအလောက်ရနေရင်…
တစ်ညကို ပျမ်းမျှအိပ်ချိန် (၇) နာရီကနေ (၉)နာရီအထိ ရနေမယ်ဆိုရင်၊ သင်ဟာ သင်ထင်သလောက် အလုပ်များ မနေပါဘူး။ စီမံခန့်ခွဲရမယ့် တာဝန်တွေများပြီး အလုပ်ကို ဦးစားပေးအစီအစဉ် နဲ့ လုပ်နေရသူတွေမှာ အဲဒီ့ထက်အိပ်ချိန်နည်းကြ
ပါတယ်။ ဒါကြောင့်အကယ်၍များ ညတိုင်းအိပ်ချိန် (၇) နာရီကနေ (၉) နာရီလောက်အထိ အပြည့်အဝရနေပြီဆိုရင် သင်ဟာ သင့်ခန္ဓာကိုယ်ကို အကောင်းဆုံးစောင့်ရှောက်ထားနိုင်သူပါ။ ကောင်းပါတယ်။ အိပ်ချိန်ကောင်းကောင်း ရသူတွေဟာ တကယ် အလုပ်များနေသူတွေမဟုတ်ပါဘူး။

၂။ ရက်သတ္တပတ်တစ်ပတ်ကို (၄၇) နာရီအောက် လျော့ပြီးအလုပ်လုပ်ရရင်….
အချိန်ပြည့်ဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှအလုပ်ချိန်ဟာ ရက်သတ္တပတ် တစ်ပတ်ကို (၄၈) နာရီပါ။ ဒါကြောင့်သင့် အလုပ်ချိန်ဟာ အဲဒီ့ပမာဏ ထက်နည်းရင် အလုပ်များသူစာရင်းထဲ သင့်နာမည် မပါပါဘူး။ နည်းနေလို့ (၄၈) နာရီ ပြည့်အောင် မဖြစ်ဖြစ်အောင် ဆွဲဆန့်ပြီးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ချိန် ပမာဏဟာ သူများတွေ နဲ့ တန်းတူပဲဆိုတာ သိစေဖို့ပါ။ အဲဒီတော့ အလုပ်များသူစာရင်းထဲ ကိုယ့်နာမည်ကို လွယ်လွယ် မထည့်လိုက်မိပါစေနဲ့။

၃။ သင့် မှာ Email တွေ လက်ခံဖို့ ပြန်ကြားဖို့ လုပ် ဖော်ကိုင်ဖက်တွေထက် ပိုများမနေဘူးဆိုရင်...
ရုံးတစ်ပတ် ပတ်ကြည့်ပြီး သင့်လုပ်ဖော်ကိုင် ဖက်တွေ တစ်နေ့တစ်နေ့ Email တွေ ဘယ်လောက်များ လက်ခံ၊ ပြန်ကြားနေသလဲလို့ စနည်းနာကြည့်ပါ။ အနောက်နိုင်ငံမှာတော့ တစ်နေ့ကို Emial လက်ခံ၊ ပြန်ကြားရတာ (၁၂၁) စောင်လောက် ပျမ်းမျှရှိပါသတဲ့။ ဒါကတော့ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်သဘောသဘာဝ နဲ့ အများကြီးဆိုင်တဲ့အပြင် ကိုယ်ယူထားတဲ့ ရာထူးနဲ့လည်း ဆိုင်ပါလိမ့်မယ်။ သူတို့ဆီမှာကတော့ ဒါလေးလုပ်ပေးပါလား ဆိုတာကိုတောင် လူကိုယ်တိုင်ထလာပြောတာမျိုး မဟုတ်ဘဲ Email နဲ့ ခိုင်းကြတာမျိုးဆိုတော့လေ။ Email က သူတို့အတွက် အလုပ်ဝန်အားကို တိုင်းတာနိုင်တဲ့ ညွှန်ကိန်းဖြစ်သလို၊ သင်ဘယ်လောက် အလုပ်ပြီးမြောက်သလဲဆိုတာကို ပြနိုင်တဲ့ ညွှန်ကိန်းလည်းဖြစ်ပါတယ်။

၎။ ကလေးမရှိဘူးဆိုရင်…
ကလေးမရှိတဲ့သူက ကလေးရှိတဲ့သူလောက် အလုပ်မများနိုင်ပါဘူး။ ကလေးရှိတဲ့ မိဘတော်တော်များများဟာ တစ်နေ့မှာ ၂၄ နာရီဟာ မလောက်ငှလောက်အောင် တာဝန်တော်တော် များပါတယ်။ ကလေးထမင်းကျွေးရတာ၊ နို့တိုက်ရတာက အစ ရေမိုးချိုး အ၀တ်လဲပေးရတာ အလယ် ကျောင်းကြိုကျောင်းပို့ရတာ၊ နေမကောင်းတဲ့အခါ ပြုစုစောင့်ရှောက်ရတာအဆုံး ချာလပတ်ရမ်းနေတတ်တာ ကလေးရှိတဲ့မိဘများပါ။ ဒါကြောင့် အလုပ်ရှုပ်ပါတယ်ဆိုတဲ့ သူတွေမှာ ဂရုတစိုက် ပြုစု
စောင့်ရှောက်စရာ ကလေးမရှိဘူးဆိုရင် လမ်းဆုံးအောင် အလုပ်ရှုပ်သူတွေမဟုတ်ကြပါဘူး။ တစ်ယောက်တည်း ဖီးလ်လို့ရတဲ့အချိန်လေးတွေ ရှိနိုင်ပါသေးတယ်လေ။

၅။ ကိုယ်ချစ်ရတဲ့သူတွေ ဒါမှ မဟုတ် ဘော်ဒါတွေနဲ့ မှန်မှန်ချိန်းချက်လုပ်နိုင်သေးရင်…
တကယ်အလုပ်များလာပြီဆိုရင် ကိုယ်ချစ်တဲ့လူတွေရော၊ ကိုယ့်ဘော်ဒါတွေနဲ့ပါ အချိန်မဖြုန်းနိုင်လောက်အောင် ဖြစ်တတ်ပါတယ်။ အဲဒီတော့ အချိန်ပေးနိုင်တဲ့သူကို ဘော်ဒါတွေက ဆုံကြတိုင်းမခေါ်ဖြစ်တော့ဘဲ ဘော်ဒါတွေနဲ့ ဝေးလာတတ်သလို၊ ကိုယ့်ချစ်သူ ဒါမှမဟုတ် မိသားစုဝင်တွေကတော့ ကိုယ်အချိန်မပေးနိုင်တဲ့အပေါ် ခံစားနေရတတ်ပါတယ်။ ဒါကြောင့် အကယ်၍များသင်ဟာ ကိုယ့်အတွက် အရေးပါတဲ့သူတွေနဲ့ အချိန်လေးပေးပြီး သူတို့နဲ့တူတူ ပျော်စရာအချိန်လေးတွေ ဖန်တီးယူလို့ ရသေးတယ်ဆိုရင် သင်ဟာ သင်ထင်သလောက် အလုပ်ရှုပ်မနေပါဘူး။ 

၆။ အားလပ်ရက် ပုံမှန်ရသေးတယ်ဆိုရင်…
အားလပ်ရက်တို့၊ အပန်းဖြေခရီးတို့ကလည်း ဘ၀မှာ အရေးပါတဲ့အရာတွေပါ။ အလုပ်ကို သည်းကြီးမည်းကြီး တောက်လျောက်လုပ်ပြီး စိတ်နဲ့ ကိုယ်ကို ဖိအားလျော့စေမယ့် အရာတွေနဲ့ ထိတွေ့ခွင့်မပေးဘူးဆိုရင် သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ ကျဆင်းလာမှာဖြစ်သလို၊ တစ်ချိန်ချိန်မှာ လုံးဝပွင့်ထွက်သွားတတ်ပါတယ်။ ဒါကြောင့်သင့်မှာ အားလပ်ရက် ယူလို့ရသေးတယ်၊ အပန်းဖြေခရီးလည်း မကြာမကြာထွက်လို့ရသေးတယ်ဆိုရင် သင့် ရဲ့ အလုပ်ရှုပ်မှု အဆင့်က အရမ်းကြီး မမြင့်သေး
ပါဘူး။

၇။ ကိုယ့်အကြိုက်ဆုံး ရုပ်သံအစီအစဉ်လေးတွေ အမိအရကြည့်နိုင်သေးတယ်ဆိုရင်….
အမေရိကားမှာတော့ လူတစ်ယောက်ဟာ တစ်နေ့ကိုပျမ်းမျှအားဖြင့် တီဗီရှေ့ ငါးနာရီလောက် အချိန်ဖြုန်းနိုင်ပါတယ်တဲ့။ ရုပ်သံအစီအစဉ် ကြည့်တယ်၊ ကိုယ်ကြိုက်တဲ့ ဇာတ်ကားလေး၊ သီချင်းလေးတွေ ကြည့်တယ်ဆိုတာကလည်း စိတ်ကို အပန်းဖြေနည်းတစ်မျိုးဖြစ်ပါတယ်။ အလုပ် မတရားရှုပ်တဲ့သူတွေက ဘာသီချင်းခေတ်စားနေလို့ ခေတ်စားမှန်း မသိ၊ ဘယ်အစီအစဉ်တွေ ရေပန်းစားလို့ စားနေမှန်းမသိအောင် အလုပ်ပုံထဲခေါင်းစိုက်နေသူတွေပါ။ ဒါကြောင့် အချိန်မှန် တီဗီရှေ့ ထိုင်နိုင်တယ်ဆိုရင် သင်ဘယ်လောက်အလုပ်များနေလဲ ဆိုတာ ပြန်စဉ်းစားဖို့ကောင်းပါပြီနော်။ 

ဒီလိုပြောလို့ အလုပ်ရှုပ်တာ၊ အလုပ်များတာ ဆိုးတယ်လို့ ပြောတာ မဟုတ်ပါဘူးနော်။ လူတစ်ဦးချင်းစီဟာ ကိုယ့်ရဲ့ အလုပ်ဝ န်အားကို ကိုယ်တိုင် ထိန်းညှိဖို့ တာဝန်ရှိပါတယ်။ စိတ်ပညာဆိုင်ရာ သုတေသနတစ်ခုမှာတော့  လူတွေဟာ ဘာမှမလုပ်ဘဲနေနေရတာထက်စာရင် တစ်ခုခုနဲ့ အလုပ်များနေရတာကို ပိုပြီး ပျော်ရွှင်ကြပါတယ်တဲ့။ ဒီဆောင်းပါးကနေ အဓိက အကြံပေးချင်တာကတော့ ကိုယ်ဟာ ဘယ်လောက် အလုပ်များနေလဲ၊ ဘာကြောင့်အလုပ်များနေလဲဆိုတာကို ကိုယ်တိုင်အဖြေရှာနိုင်ဖို့နဲ့ အလုပ်မများဘဲ များသယောင် ကြွားဝါပြော မိနေသလားလို့ ကိုယ့်ကိုယ်ကို သတိချပ်မိစေဖို့ပါ။

Ref: 7 Signs That You're Not Busy; You're Just 'Busy Bragging' by Jayson DeMers